Language:

ဆည်တော်ကြီးက ရေလွှတ်ချနေ၍ မတ္တရာမြို့နယ်အတွင်းက ကျေးရွာအချို့ ရေဝင်နစ်မြုပ်နေပြီး မန္တလေး – မိုးကုတ်ကားလမ်း ရေကျော်နေ


ဆည်တော်ကြီးက ရေလွှတ်ချနေ၍ မတ္တရာမြို့နယ်အတွင်းက ကျေးရွာအချို့ ရေဝင်နစ်မြုပ်နေပြီး မန္တလေး – မိုးကုတ်ကားလမ်း ရေကျော်နေ

၈ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းက ဆည်တော်ကြီးဆည်တွင် ရေဝင်ရောက်မှု များပြားနေတဲ့အတွက် ရေထိန်းတံခါး (၇) ခုကနေ ရေများ လွှတ်ချလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီလို ရေလွှတ်ချနေတဲ့အတွက် မတ္တရာမြို့နယ်အတွင်းက ကျေးရွာအချို့မှာ ရေဝင်နစ်မြုပ်နေပြီး မန္တလေး -မိုးကုတ် ကားလမ်းပေါ်မှာလည်း ရေကျော်နေတယ်လို့ သိရပါတယ်။

မန္တလေး – မိုးကုတ် ကားလမ်း မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားရှိ တံငါတောင်ကျေးရွာအနီးတွင် ယနေ့ဩဂုတ် (၇) ရက်နေ့ မနက်ပိုင်းကစလို့ (၃)ပေခန့် ရေကျော်နေပြီး ဆက်လက်မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆည်တော်ကြီးဆည်ရဲ့ ကန်ရေပြည့်မှတ်ဟာ (၄၁၉ ဒသမ ၅)ပေဖြစ်ပြီး ဩဂုတ် (၇)ရက် မနက်ပိုင်း တိုင်းတွာချက်အရ (၄၁၇ ဒသမ ၈) ပေသို့ ရောက်ရှိနေပြီး ရေတံခါး (၅)ပေါက်အား (၂)ပေစီနဲ့ ရေတံခါး (၂)ပေါက်အား (၁)ပေစီ ရေလွှတ်ထားတယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းရေကျော်နေမှု အခြေအနေကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်၊ အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနဲ့ အဖွဲ့ဝင်များ ဦးဆောင်တဲ့အဖွဲ့တွေ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြို့နယ်မီးသတ်ဦးစီးမှူးနဲ့ တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး ယနေ့မနက်ပိုင်းက စတင်ပြီး ခရီးသွားကားများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ရေး၊ လမ်းချော်မှုမဖြစ်ပွားစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ နေအိမ်အတွင်းနဲ့ အုတ်စက်ရုံတွေမှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆည်တော်ကြီးဆည် ရေလွှတ်နေတဲ့အတွက် အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ကြိုတင်ရှောင်ရှားကြဖို့ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပင် ဒေသအာဏာပိုင်တွေက ကြိုတင်အသိပေးနှိုးဆော်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ – ဒေသခံ

#ရေဘးအန္တရာယ်

#ဆည်တော်ကြီး

#ရေပွဲလွှဲ

#မတ္တရာ

#မန္တလေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin