Language:

တာချီလိတ်မြို့မှာ ဆိုင်ကယ်ခိုးမှုတွေ ဆက်တိုက်ဖြစ်ပွားနေလို့ ဒေသခံများ သတိထားရန်လိုအပ်နေ


တာချီလိတ်မြို့မှာ ဆိုင်ကယ်ခိုးမှုတွေ ဆက်တိုက်ဖြစ်ပွားနေလို့ ဒေသခံများ သတိထားရန်လိုအပ်နေ

၅ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့မှာ ဆိုင်ကယ်ခိုးမှုတွေ နေ့စဉ်နီးပါး ဆက်တိုက်ဖြစ်ပွားနေလို့ ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေပြီး သက်ဆိုင်ရာက ခိုးယူမှုများကို ဖော်ထုတ်အရေးယူပေးစေချင် နေကြတာပါ။

သြဂုတ်လ (၄)ရက်နေ့က တာချီလိတ်မြို့ ဝမ်းကောင်းရပ်ကွက် ကျောက်တောင်ဖက်မှာ မနက်ခင်း (၆) နာရီ ခွဲအချိန်လောက်က Honda Wave 110 အပြာရောင်တစ်စီးကို နေအိမ်ထဲ ဝင်ရောက်ခိုးသွားတယ်လို့ သိရှိရပါတယ်။

“ တာချီလိတ်က အမျိုးတို့ရေ ဒီဆိုင်ကယ်လေးတွေ့ရင် ဆက်သွယ်ပေးကြပါအုံးနော်။ ပေါင်တာဖြစ်ဖြစ် ရောင်းတာဖြစ်ဖြစ် တွေ့ရင် ဆက်သွယ်ပေးကြပါနော်။ အခုမနက်ခင်း(၆)ခွဲလောက်မှ အိမ်ထဲဝင်ခိုးသွာလို့ပါရှင် ဝမ်ကောင်းကျောက်တောင်ဖက်ကပါရှင်”ဆိုပြီး ဆိုင်ကယ်ပိုင်ရှင်က ၎င်းရဲ့လူမှုကွန်ရက်အကောင့်တွင် အကူအညီတောင်းခံ ရေးသားတင်ထားတာကို တွေ့ရှိရပါတယ်။

ဆိုင်ကယ်ခိုးသူတွေအများစုက မိနစ်အနည်းငယ်အတွင်း ဆိုင်ကယ်တွေကိုခိုးယူနိုင်ပြီး နေအိမ်ဝင်းထဲမှာ လူမရှိတဲ့အချိန် ဆိုင်ကယ်ခေါင်းကို ဇာတ်ချိုးကာ လက်လုပ်သော့များနဲ့ ဖွင့်ပြီး ဆိုင်ကယ်များခိုးယူနေတာဖြစ်ပါတယ်။

နောက်ထပ် တာချီလိတ်မြို့ရှိ ပါလျှံဝန်ထမ်းအိမ်ယာတစ်ခုအတွင်းမှာလည်း ဩဂုတ်လ ၃ ရက် ညပိုင်းက ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

“ ဝန်ထမ်းအိမ်ယာ နံရံကို ကျော်ဝင်လာပြီး နေအိမ်ရှေ့တွင် ရပ်ထားသော ဆိုင်ကယ် (၂) စီးကို ယူဆောင်သွားခဲ့ကြောင်း သိရှိရပြီး သို့သော် သန်းခေါင်ယံအချိန်ခန့်တွင် နေအိမ်သို့ ပြန်လာသူတစ်ဦးနှင့် ကြုံတွေ့ခဲ့ပြီးနောက် ဆိုင်ကယ်များကို အခြားတစ်နေရာ၌ စွန့်ပစ်ထားခဲ့သဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း” တာချီလိတ်လူမှုကွန်ရက်အဖွဲ့တစ်ခုမှာ တင်ထားတာကို တွေ့ရှိရပါတယ်။

ဆက်လက်ပြီး ဆက်တိုက်ဖြစ်ပွားနေတဲ့ ခိုးယူမှုများကြောင့် ဝန်ထမ်းအိမ်ယာအတွင်း နေထိုင်သူများအကြား လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ ဖြစ်စဉ်အား အမြန်စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူများကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန်၊ ကင်းလှည့်ခြင်း၊ CCTV စနစ်တိုးချဲ့တပ်ဆင်ခြင်းနှင့် အခြားလုံခြုံရေးအစီအမံများကို အမြန်ဆုံး မြှင့်တင်ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုထားတာဖြစ်ပါတယ်။

တာချီလိတ်မှာ လွန်ခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့တွင် တာချီလိတ်မြို့ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ခိုးယူသူ အမျိုးသား(၂)ဦးနှင့် ဝယ်ယူလက်ခံသူ အမျိုးသား(၂)ဦး တို့နဲ့အတူ သက်သေခံဆိုင်ကယ်(၁၄)စီးဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်းတွင်လည်း ဆိုင်ကယ်ခိုးမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။

#ခိုးမှု

#မှုခင်း

#ဆိုင်ကယ်သူခိုး

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin