ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ကို ခိုးပြီးလျှို့ဝှက်သယ်လာတဲ့ ဘတ်ငွေ (၂၃)သန်းကျော်ကို ထိုင်းအကောက်ခွန်က ဇွန်လ ၂၃ ရက်နေ့က မယ်ဆိုင်အကောက်ခွန်ဂိတ်မှာ ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ မြန်မာလိုင်စင်နံပါတ်ပြားတပ်ဆင်ထားတဲ့ မော်တော်ယာဉ်တစ်စီး အမှတ်(၁) ချစ်ကြည်ရေးတံတားကနေ တာချီလိတ်ကို ဖြတ်သန်းလာစဉ် ထိုင်းအာဏာပိုင်တွေက ထိုင်းဘတ်ငွေကို သတ်မှတ်တန်ဖိုးထက်ကျော်လွန်ကာ သယ်ဆောင်လာတာဖြစ်တဲ့အတွက် သိမ်းဆည်းလိုက်တာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ကတ်ထူပုံး(၂)ပုံးအတွင်းမှာ ဘတ်(၁၀၀၀)တန် (၁)သိန်းအုပ်တွေကို ထည့်သွင်းသယ်ဆောင်လာတာဖြစ်ပြီး စုစုပေါင်း ထိုင်းဘတ်ငွေ(၂၃)သန်းကျော်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံရဲ့ အကောက်ခွန်ဥပဒေအရ ထိုင်းဘတ်ငွေ(၁)သိန်းထက် ကျော်လွန်ပြီး မြန်မာနိုင်ငံဘက်ကို သယ်ဆောင်ခွင့်မပြုထားတဲ့အတွက် သိမ်းဆည်းထားတာဖြစ်ပါတယ်။
သိမ်းဆည်းထားတဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက ငွေကြေးကို နိုင်ငံပြင်ပ တရားမဝင်ခိုးထုတ်ရန် ကြိုးပမ်းမှုနဲ့ အရေးယူထားတာဖြစ်တယ်လို့ သိရပါတယ်။
