Language:

ဗီယက်နမ်သမ္မတ တိုလမ် ဂျပန်သို့ ၄ ရက်ကြာ တရားဝင်ခရီးစတင်


ဗီယက်နမ်သမ္မတ တိုလမ် ဂျပန်သို့ ၄ ရက်ကြာ တရားဝင်ခရီးစတင်

၈ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ နိုင်ငံတော်သမ္မတ တိုလမ်ဟာ နှစ်နိုင်ငံကြား စီးပွားရေး၊ နျူကလီးယားစွမ်းအင်နဲ့ ဉာဏ်ရည်တုနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့အတွက် ဂျပန်နိုင်ငံကို ၄ ရက်ကြာ တရားဝင်ခရီးစတင်လိုက်ပါတယ်။

တိုလမ်ဟာ ဇနီးဖြစ်သူ ငိုဖွင်လီနဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်အထိ ဂျပန်နိုင်ငံမှာ နေထိုင်မှာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ပါတီအထွေထွေအတွင်းရေးမှူးနဲ့ သမ္မတတာဝန်ယူပြီးနောက် ဂျပန်နိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တာဖြစ်သလို ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးတစ်ဦးအနေနဲ့ ၁၁ နှစ်အတွင်း ပထမဆုံးသွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း တိုလမ်ဟာ ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနဲအေး၊ ဂျပန်ဘုရင်နဲ့ မိဖုရားအပါအဝင် အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဂျပန်လွှတ်တော်မှာလည်း မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

ဒါ့အပြင် ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ဗီယက်နမ်-ဂျပန် စီးပွားရေးနဲ့ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၉ ရက်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပြီး မျိုးဆက်သစ်နျူကလီးယားစွမ်းအင်နဲ့ ဉာဏ်ရည်တုနည်းပညာ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားပါတယ်။

ဂျပန်ဘက်ကလည်း ဗီယက်နမ်အတွက် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပါရဂူဘွဲ့ရ ကျွမ်းကျင်သူ ၁၀၀ ဦး မွေးထုတ်ပေးရေး ကူညီဖို့ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်နဲ့ ဂျပန်တို့ဟာ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့တာ နှစ် ၅၀ ကျော်ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်က နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ပထမ ၉ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၇ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံအတွင်း ဂျပန်ရဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုကလည်း ဒေါ်လာ ၈၁ ဒသမ ၂ ဘီလီယံရှိတယ်လို့ သိရပါတယ်

#ဗီယက်နမ်

#ကွန်မြူနစ်ပါတီ

#ဂျပန်

#စီးပွားရေး

#နျူကလီးယားစွမ်းအင်

ဆက်စပ်သတင်းများ

Eastern Thanlwin