၈ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ အနီးဝန်းကျင်ဒေသတွေကို ညအတွင်း ဒုံးကျည် ၃၆ စင်းနဲ့ ဒရုန်း ၁၇၂ စင်း၊ စုစုပေါင်း ၂၀၈ စင်း အသုံးပြုပြီး အကြီးအကျယ် တိုက်ခိုက်ခဲ့တာကြောင့် လူ ၂ ဦးသေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးရဲ့ ပြောကြားချက်အရ ပစ်ခတ်လာတဲ့ ဒုံးကျည် ၃၆ စင်းအနက် ၄ စင်းနဲ့ ဒရုန်း ၁၇၂ စင်းအနက် ၁၄၉ စင်းကိုသာ ကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။ ကိယက်ဗ်မြို့မှာလည်း ကလေးငယ်တစ်ဦးအပါအဝင် လူ ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့ရဲ့ လျှပ်စစ်ဓာတ်အား၊ ရေပေးဝေရေးနဲ့ အပူပေးစနစ်တွေ ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး ကိယက်ဗ်အပါအဝင် ဒေသ ၅ ခုမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။ ဒဏိပါမြစ်ကို ဖြတ်သန်းထားတဲ့ အရှည် ၈၁၆ မီတာရှိ မြောက်ဘက်တံတားလည်း ထိခိုက်ပျက်စီးခဲ့တာကြောင့် ယာယီပိတ်ထားရပါတယ်။
ဇယ်လန်စကီးက ရုရှားတပ်ဖွဲ့တွေဟာ မြောက်ကိုရီးယားထုတ် KN-23 ဒုံးကျည်တွေ အသုံးပြုခဲ့တယ်လို့ ပြောဆိုထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ ယူကရိန်းအပေါ် ဖိအားပေးဖို့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ရုရှားကတော့ ယူကရိန်းရဲ့ ဖလာမင်ဂိုဒုံးကျည်စက်ရုံနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုဟာ ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့ ပါဝင်မယ့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အဘူဒါဘီမြို့မှာ ကျင်းပဖို့ သုံးရက်အလိုမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီဆွေးနွေးပွဲဟာ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြုလုပ်မယ့် ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာ ယူကရိန်းကလည်း ရုရှားနိုင်ငံ ဆာရာတော့ဗ်ဒေသရှိ ရေနံချက်စက်ရုံကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားကတော့ ယူကရိန်းဒရုန်း ၄၁၁ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇယ်လန်စကီးက ယူကရိန်းမှာ အမေရိကန်ထုတ် Patriot ကြားဖြတ်ဒုံးကျည်တွေ ပြတ်လပ်နေကြောင်း ပြောဆိုပြီး အမေရိကန်က ပိုမိုကူညီပေးဖို့နဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ဖို့ တောင်းဆိုထားပါတယ်။

