Language:

မယ်ဆိုင်ချောင်းအတွင်း အာဆင်းနစ်စံချိန်ထက် ၂၅ ဆကျော်တွေ့ရှိပေမယ့် မြန်မာကလေးငယ်များ ရေဆင်းကစားနေ


မယ်ဆိုင်ချောင်းအတွင်း အာဆင်းနစ်စံချိန်ထက် ၂၅ ဆကျော်တွေ့ရှိပေမယ့် မြန်မာကလေးငယ်များ ရေဆင်းကစားနေ

၈ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြစ်အတွင်း အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုဟာ သတ်မှတ်စံချိန်ထက် ၂၅ ဆကျော် မြင့်တက်နေကြောင်း ထိုင်းအာဏာပိုင်တွေရဲ့ ပဏာမစစ်ဆေးချက်မှာ တွေ့ရှိထားပေမဲ့ မြန်မာဘက်က ကလေးငယ်တွေဟာ နိုဝင်ဘာ ၇ ရက်မှာ ချောင်းထဲဆင်းကစားနေကြပါတယ်။

ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်၊ ဘန်ဟွာဖိုင်ကျေးရွာအနီး မယ်ဆိုင်ချောင်းမှာ နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီခန့်က ရာသီဥတုပူပြင်းတာကြောင့် ကလေးငယ်တွေ ရေဆင်းကစားနေကြတာကို တွေ့ရပါတယ်။

နိုဝင်ဘာ ၆ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပတ်ဝန်းကျင်အရည်အသွေးထိန်းချုပ်ရေးရုံးက မယ်ဆိုင်ချောင်းရေကို Test Kit နဲ့ ပဏာမစစ်ဆေးရာမှာ အာဆင်းနစ်ပါဝင်မှုဟာ တစ်လီတာမှာ ၀.၂၅ မီလီဂရမ်ရှိပြီး သတ်မှတ်စံနှုန်းဖြစ်တဲ့ ၀.၀၁ မီလီဂရမ်ထက် ၂၅ ဆ မြင့်နေကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၅ ရက်မှာ ချောင်းရေညစ်ညမ်းမှုနဲ့ နုန်းအနည်အနှစ်ပါဝင်မှု မြင့်တက်လာတာကြောင့် မယ်ဆိုင်မြို့နယ် ရေပေးဝေရေးလုပ်ငန်းက ရေသန့်စင်ထုတ်လုပ်မှုကို ရပ်နားဖို့နဲ့ ပြည်သူတွေကို သတိပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနေ့က ရေထုညစ်ညမ်းမှုအဆင့်ဟာ ၁၄,၀၀၀ NTU အထိ ရှိခဲ့ပြီး ပုံမှန်သန့်စင်စနစ်ရဲ့ ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အာဆင်းနစ်အဆိပ်သင့်မှုဟာ ကင်ဆာရောဂါတွေကို ဖြစ်ပေါ်စေပြီး အရေပြားရောဂါနဲ့ အာရုံကြောစနစ်ထိခိုက်စေတာ၊ နုလုံးနဲ့ အသည်း၊ ကျောက်ကပ်တို့ကိုလဲ ထိခိုက်ပျက်စီးစေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုထားပါတယ်။

မယ်ဖားလုံတက္ကသိုလ်မှ ဒေါက်တာ ဆွတ်ဆကွန် ကစ်နုကွန်ကတော့ မယ်ဆိုင်ချောင်းအတွင်း အာဆင်းနစ်ညစ်ညမ်းမှုကို ၂၀၂၅ ခုနှစ် မေလကတည်းက စစ်ဆေးတွေ့ရှိခဲ့ပြီး စစ်ဆေးမှုတိုင်းမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေခဲ့တယ်လို့ ပြောပါတယ်။

ချောင်းရေညစ်ညမ်းမှုဟာ ချောင်းဖျားပိုင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းတွေက မြေဆီလွှာနဲ့ ဓာတုပစ္စည်းတွေ မြစ်ထဲစီးဝင်လာတာကြောင့် ဖြစ်နိုင်ပြီး အရင်းအမြစ်မှာ ထိန်းချုပ်မှုမရှိရင် အလားတူအခြေအနေတွေ ထပ်မံဖြစ်ပွားနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးပြီး ချောင်းဖျားပိုင်း သတ္တုတူးဖော်မှုတွေ ရပ်ဆိုင်းရေးနဲ့ နှစ်နိုင်ငံပူးပေါင်းပြီး ရေအရည်အသွေး စစ်ဆေးရေးလုပ်ငန်းတွေ အမြန်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

#ဘာသာပြန်

#ရေအရည်အသွေး

#အာဆင်းနစ်

#ကလေးငယ်

#ရေကူးကစား

ဆက်စပ်သတင်းများ

Eastern Thanlwin