၆ နိုဝင်ဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးကျင်းပတဲ့ တောင်ကြီးဇုန် အသက် (၁၅) နှစ်အောက် U-15 Youth League 2026 ဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် တာချီလိတ်ကိုယ်စားပြုအသင်းနဲ့ ကလောကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။
မနက်ဖြန် နိုဝင်ဘာလ (၇) ရက် ညနေ (၃) နာရီခွဲအချိန် တာချီလိတ်မြို့မ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။
အဆိုပါပြိုင်ပွဲမှာ တာချီလိတ်မြို့ကိုယ်စားပြု ဘောလုံးအကယ်ဒမီမှ လူငယ်ကစားသမားတွေဟာ EASTERN SHAN (TCL Academy) FC အသင်းအမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ပွဲစဉ်လာရောက်ကြည့်ရှုအားပေးမယ့် ပရိသတ်တွေအနေနဲ့ တစ်ဦးကို ဝင်ကြေး ဘတ် (၂၀) ကျသင့်မှာဖြစ်ပြီး အထူးတန်းပွဲကြည့်စင်ရှေ့မှာ ဆိုင်ကယ်ရပ်နားခွင့် ကန့်သတ်ထားတယ်လို့ တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးသန်းလှိုင်က ပြောပါတယ်။
“ဝင်ကြေးကတော့ (၂၀) ပဲ။ ဘောလုံးကွင်းထဲကို ဆိုင်ကယ်နဲ့ ဝင်ရပ်လို့ရပါတယ်။ အထူးတန်း ပွဲကြည့်စင် အရှေ့ကို ဆိုင်ကယ်ရပ်ထားတာကိုတော့ ကန့်သတ်ထားတယ်။ တစ်ကွင်းလုံး ပတ်ချာလည် လွတ်တဲ့ နေရာတွေမှာ ရပ်ထားလို့ရပါတယ်။” လို့ ဦးသန်းလှိုင်က ပြောပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးဇုန် ဒုတိယအကျော့ပွဲစဉ်တွေမှာ တာချီလိတ်ကိုယ်စားပြု EASTERN SHAN (TCL Academy) FC အသင်းအနေနဲ့ KALAW FC၊ MIDDLE SHAN STATE၊ PAW MUU REGION YOUTH FC၊ DANU FC၊ HTEE PHOUNG FC၊ ROYAL NYAUNG SHWE FC နဲ့ SHAN SOUTHERN FC အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။
ပထမအကျော့ Week 7 ပွဲစဉ်အပြီး EASTERN SHAN (TCL Academy) FC အသင်းဟာ SHAN SOUTHERN FC အသင်းကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲ တလျှောက်ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရကာ အမှတ်ပေးဇယား ဒုတိယနေရာကို ရောက်ရှိသွားခဲ့ရပါတယ်။
#U-15YouthLeague

