၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)**
IM
အမေရိကန်စတော့ဈေးကွက်မှာ နည်းပညာကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ အကြီးအကျယ်ကျဆင်းခဲ့ပြီးနောက် အာရှစတော့ဈေးကွက်တွေမှာလည်း ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းကစပြီး ရောင်းအားပြင်းထန်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာတော့ ဈေးကွက်အတွင်း အရောင်းအဝယ်ကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။
ဂျပန်ရဲ့ နစ်ကိုင်းညွှန်းကိန်းဟာ တစ်ချိန်မှာ ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး တောင်ကိုရီးယား ကော့စ်ပီညွှန်းကိန်းလည်း အစောပိုင်းမှာ ၈ ဒသမ ၇ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ပါတယ်။ ထိုင်ဝမ်စတော့ဈေးကွက်မှာလည်း ဖွင့်ပြီး မိနစ်ပိုင်းအတွင်း ၃,၇၃၇ မှတ် ကျဆင်းခဲ့ပါတယ်။
ကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာတွေမှာလည်း အရောင်းအဝယ်ဖိအား ပြင်းထန်ခဲ့ပြီး ဆမ်ဆောင်းရှယ်ယာ ၁၁ ရာခိုင်နှုန်း၊ အက်စ်ကေ ဟိုင်းနစ် ၁၃ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ထိုင်ဝမ် TSMC ရှယ်ယာ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
အမေရိကန်ဈေးကွက်မှာ ကြာသပတေးနေ့က နက်စ်ဒက်စ်ညွှန်းကိန်း ၅ ဒသမ ၅ ရာခိုင်နှုန်း၊ S&P 500 ညွှန်းကိန်း ၄ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ဒေါင်းဂျုံးစ်ညွှန်းကိန်း ၃ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ် ဧပြီလနောက်ပိုင်း တစ်ရက်တာအတွင်း အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေဟာ AI လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးတွေကနေ အကျိုးအမြတ် ပြန်ရနိုင်မလားဆိုတဲ့အပေါ် သံသယတွေ မြင့်တက်လာသလို အမေရိကန်မှာ AI နဲ့ ဒေတာစင်တာလုပ်ငန်းတွေကို စည်းမျဉ်းတင်းကျပ်လာနိုင်တဲ့ အခြေအနေကိုလည်း စိုးရိမ်နေကြပါတယ်။
အာရှဈေးကွက်တွေမှာ နေ့လယ်ပိုင်းအရောက် တောင်ကိုရီးယား ကော့စ်ပီညွှန်းကိန်း အနည်းငယ်ပြန်တက်လာခဲ့ပေမဲ့ ဈေးကွက်ပိတ်ချိန်မှာ ၅ ဒသမ ၂၈ ရာခိုင်နှုန်း ကျဆင်းနေဆဲဖြစ်ပါတယ်။ ဟောင်ကောင်နဲ့ ရှန်ဟိုင်းဈေးကွက်တွေလည်း ကျဆင်းခဲ့ပြီး ဂျပန်ရဲ့ ဈေးကွက်မတည်ငြိမ်မှုညွှန်းကိန်းဟာ ခုနစ်လကျော်အတွင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဘရန့်ရေနံဈေးဟာ တစ်စည်ကို ဒေါ်လာ ၉၉ ဝန်းကျင်အထိ မြင့်တက်ခဲ့ပါတယ်။

