Language:

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ဒဏ်ငွေပေးပြီး နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခွင့်ရ


မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ဒဏ်ငွေပေးပြီး နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခွင့်ရ

၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ဟာ ဒဏ်ငွေ ရင်းဂစ် သန်း ၅၀ ပေးသွင်းပြီးနောက် ဒီနေ့ နိုဝင်ဘာ ၆ ရက်မှာ ကာဂျမ်းအကျဉ်းထောင်ကနေ ထွက်ခွာလာခဲ့ပါတယ်။ တရားရုံးက ကျန်ရှိတဲ့ ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ်နဲ့ ကျခံခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၃ နှစ်အရွယ် နာဂျစ်ဟာ ဒီနေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်မှာ ငွေရောင်ကားတစ်စီးနဲ့ အကျဉ်းထောင်က ထွက်လာတာကို သတင်းထောက်တွေက တွေ့မြင်ခဲ့ကြပါတယ်။

ဒဏ်ငွေကို နာဂျစ်ရဲ့ ပါတီဖြစ်တဲ့ ယူအမ်အန်အိုက စက်တင်ဘာလမှာ ဖွဲ့စည်းထားတဲ့ အလှူငွေအဖွဲ့ကတစ်ဆင့် စုဆောင်းပေးသွင်းခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃ သန်းခန့် ရှိပါတယ်။

နာဂျစ်ဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ 1MDB အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက ထောင်ဒဏ်ကျခံနေရတာ ဖြစ်ပါတယ်။

သူ့ကို ၂၀၂၀ ပြည့်နှစ်မှာ SRC International ကနေ ရင်းဂစ် ၄၂ သန်း အလွဲသုံးစားလုပ်မှုနဲ့ ထောင်ဒဏ် ၁၂ နှစ်နဲ့ ဒဏ်ငွေ ရင်းဂစ် သန်း ၂၁၀ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်မှာ ခွင့်လွှတ်ရေးဘုတ်အဖွဲ့က ထောင်ဒဏ်ကို ၆ နှစ်နဲ့ ဒဏ်ငွေကို ရင်းဂစ် သန်း ၅၀ အထိ လျှော့ချပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာလည်း ဘုရင် ဆူလတန် အီဘရာဟင်က ဒဏ်ငွေပေးသွင်းပါက ကျန်ပြစ်ဒဏ်ကို နေအိမ်အကျယ်ချုပ်နဲ့ ကျခံနိုင်ဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ နာဂျစ်ကို ဘယ်နေရာမှာ နေအိမ်အကျယ်ချုပ်ထားရှိမယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။ သူ့ရဲ့ ကွာလာလမ်ပူနေအိမ်ရှိရာ လမ်းကိုလည်း ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားပါတယ်။

နာဂျစ်ကတော့ သူ့အပေါ် စွဲဆိုထားတဲ့ ငွေကြေးအလွဲသုံးစားမှု စွပ်စွဲချက်တွေကို အမြဲတမ်း ငြင်းဆိုထားပါတယ်။ 1MDB အရှုပ်တော်ပုံမှာ အဓိကပါဝင်သူအဖြစ် စွပ်စွဲခံထားရတဲ့ ဂျိုးလိုးကတော့ လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။

#နာဂျစ်

#နေအိမ်အကျယ်ချုပ်

#အမေရိကန်ဒေါ်လာ

#ကွာလာလမ်ပူ

ဆက်စပ်သတင်းများ

Eastern Thanlwin