၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
အမေရိကန်အစိုးရဟာ အီရန်နဲ့ စစ်ပွဲဖြစ်ပွားနေချိန်မှာတောင် အီရန်နိုင်ငံသားတွေကို တတိယနိုင်ငံတစ်ခုကတစ်ဆင့် နေရပ်ပြန်ပို့ရေးအတွက် အီရန်ဘက်နဲ့ လျှို့ဝှက်ဆွေးနွေးခဲ့ကြောင်း တရားရုံးစာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
ကြာသပတေးနေ့က ထုတ်ဖော်ခဲ့တဲ့ စာရွက်စာတမ်းတွေအရ အမေရိကန်အာဏာပိုင်တွေဟာ ခရီးသွားစာရွက်စာတမ်းတွေ တင်သွင်းရေးနဲ့ နှင်ထုတ်မယ့် လမ်းကြောင်းတွေကို အီရန်ဘက်နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့မှာရှိတဲ့ ပါကစ္စတန်သံရုံးက အီရန်ရဲ့ အကျိုးဆောင်ရုံးအဖြစ် ဆောင်ရွက်ခဲ့ပြီး အီရန်နိုင်ငံသားတွေကို ပါကစ္စတန်ကတစ်ဆင့် ပြန်ပို့ဖို့ စီစဉ်ခဲ့တာလို့ သိရပါတယ်။
အီရန်ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီပေးနေတဲ့ ဥပဒေအဖွဲ့ရဲ့ ပြောကြားချက်အရ ဖမ်းဆီးခံထားရသူ အနည်းဆုံး ၁၂ ဦးကို ပါကစ္စတန်ကတစ်ဆင့် အီရန်ပြန်ပို့မယ်လို့ အသိပေးထားပါတယ်။ အဲဒီထဲက တစ်ဦးဟာ နေရပ်ပြန်ပို့ခံရမယ်ဆိုတာ သိပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တရားသူကြီး အာနာ ရေးယက်စ်က အစိုးရအနေနဲ့ နှင်ထုတ်မှုမပြုမီ အနည်းဆုံး ၅ ရက်ကြိုတင် စာဖြင့်အသိပေးဖို့နဲ့ အစီအစဉ်အတည်ပြုပြီးပါက ၂၄ နာရီအတွင်း တရားရုံးကို အကြောင်းကြားဖို့ အမိန့်ချမှတ်ထားပါတယ်။ အီရန်ကို ပြန်ပို့ခံရသူတွေဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း တရားသူကြီးက သတိပေးခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်တို့အကြား သံတမန်ဆက်ဆံရေး မရှိတာကြောင့် အီရန်နိုင်ငံသားတွေကို တိုက်ရိုက်ပြန်ပို့မှုဟာ ရှားပါးတဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့မှာ လေယာဉ် ၃ စင်းနဲ့ အီရန်နိုင်ငံသား ၁၀၀ ကျော်ကို ပြန်ပို့ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ အီးမေးလ်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရဘက်ကတော့ တရားဝင်နှင်ထုတ်မိန့်တွေကိုသာ အကောင်အထည်ဖော်နေတာဖြစ်ပြီး ပြန်ပို့မယ့်ရက်ကို အတိအကျ မသတ်မှတ်ရသေးဘူးလို့ တရားရုံးမှာ တုံ့ပြန်ထားပါတယ်။

