၆ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
နိုင်ငံခြားငွေကြေးတွေကို တရားဝင်လိုင်စင်မရှိဘဲ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်တာတွေနဲ့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်းအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။
လက်ရှိမှာ နိုင်ငံအတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွင်းနိုင်ဖို အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်နဲ့ အိန္ဒိယရူပီးတိုကို FX Online Trading Platform ကတစ်ဆင့် AD လိုင်စင်ရဘဏ်တွေကနေ သွင်းကုန်လုပ်ငန်းရှင်တွေထံ ရောင်းချပေးနေတယ်လို ဆိုပါတယ်။
အဲဒီငွေကြေးအရောင်းအဝယ်ဆိုင်ရာ အချက်အလက်တွေနဲ့ တရားဝင်ငွေလဲနှုန်းတွေကိုလည်း ဗဟိုဘဏ် Website နဲ့ နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပေးနေပါတယ်။
ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဧပြီလကနေ နိုဝင်ဘာ ၅ ရက်အထိ FX Online Trading Platform နဲ့ AD လိုင်စင်ရဘဏ်တွေကတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၂,၂၂၁.၂ သန်း၊ တရုတ်ယွမ် ၁,၉၀၇.၁ သန်း၊ ထိုင်းဘတ် ၆,၇၁၂.၈ သန်းနဲ့ အိန္ဒိယရူပီး ၇၄.၅ သန်းခန့် ရောင်းချပေးထားပါတယ်။
ဒါ့အပြင် စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနဲ့ အခြားကုန်ပစ္စည်းတွေ တင်သွင်းနိုင်ဖိုအတွက်လည်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁,၇၀၃ သန်းခန့် ထပ်မံရောင်းချပေးထားတယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း Money Changer တွေ၊ ဘဏ်တွေနဲ့ Customer တွေအကြား နိုင်ငံခြားငွေ ဝယ်ယူရောင်းချရာမှာ ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်နေတဲ့ သတ်မှတ်ငွေလဲနှုန်းတွေအတိုင်း လိုက်နာဆောင်ရွက်ဖို ညွှန်ကြားထားတယ်လို ဆိုပါတယ်။
အဲဒီစည်းမျဉ်းတွေကို မလိုက်နာဘဲ တရားဝင်လိုင်စင်မရှိဘဲ ငွေကြေးအရောင်းအဝယ်လုပ်တာ၊ သတ်မှတ် နှုန်းထားအတိုင်း ဝယ်ယူရောင်းချတာမရှိတာတွေကို စစ်ဆေးတွေ့ရှိပါက ငွေရေးကြေးရေးအဖွဲအစည်းများ ဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့ အခြားတည်ဆဲဥပဒေတွေအရ အရေးယူသွားမယ်လို ဗဟိုဘဏ်က သတိပေးထားပါတယ်။

