၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
အမေရိကန်နိုင်ငံမှာ နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီဟာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ အတွင်း အကြီးမားဆုံး လွှတ်တော်ရွေးကောက်ပွဲ အောင်ပွဲတွေထဲက တစ်ခုကို ရရှိခဲ့ပါတယ်။
ဒီအောင်ပွဲမှာ လူမည်းမဲဆန္ဒရှင်တွေ၊ ဟစ်စပန်းနစ်နွယ်ဖွား မဲဆန္ဒရှင်တွေနဲ့ လူငယ်မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအပေါ် မကျေနပ်မှုတွေ၊ လူနေမှုစရိတ်မြင့်တက်လာတာနဲ့ အီရန်စစ်ပွဲအပေါ် စိုးရိမ်မှုတွေကြောင့် မဲဆန္ဒရှင်အများအပြားက ရီပတ်ဘလစ်ကန်ပါတီကို ထောက်ခံမှုလျှော့ချပြီး ဒီမိုကရက်ပါတီဘက်ကို ပြောင်းလဲမဲပေးခဲ့ကြတာဖြစ်တယ်လို့ Reuters က ဖော်ပြပါတယ်။
အမေရိကန်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အာဏာရပါတီ အရေးနိမ့်လေ့ရှိပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒီမိုကရက်ပါတီဟာ ယခင်က ရီပတ်ဘလစ်ကန်ပါတီ အနိုင်ရခဲ့တဲ့ ပြည်နယ်နဲ့ မဲဆန္ဒနယ်အများအပြားမှာပါ အနိုင်ရခဲ့တာဖြစ်ပါတယ်။
အထူးသဖြင့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို ထောက်ခံခဲ့ကြတဲ့ ဟစ်စပန်းနစ်နွယ်ဖွားတွေနဲ့ လူငယ်မဲဆန္ဒရှင်တွေဟာ ဒီတစ်ကြိမ်မှာ ဒီမိုကရက်ပါတီဘက်ကို ပြန်လည်ပြောင်းလဲမဲပေးခဲ့ကြပါတယ်။
AP သတင်းဌာနရဲ့ နိုဝင်ဘာ ၄ ရက် ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စစ်တမ်းအရ အသက် ၃၀ နှစ်အောက် မဲဆန္ဒရှင် ၁၀ ဦးမှာ ၇ ဦးခန့်က အောက်လွှတ်တော်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်လောင်းတွေကို မဲပေးခဲ့ကြပါတယ်။
ဟစ်စပန်းနစ်နွယ်ဖွား မဲဆန္ဒရှင်တွေထဲမှာလည်း ၆၀ ရာခိုင်နှုန်းခန့်က ဒီမိုကရက်ပါတီကို ထောက်ခံခဲ့ကြပြီး လူမည်းမဲဆန္ဒရှင်တွေထဲမှာတော့ ၉၀ ရာခိုင်နှုန်းခန့်က ဒီမိုကရက်ပါတီဘက်ကို မဲပေးခဲ့ကြတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒီမိုကရက်ပါတီရဲ့ အောင်ပွဲမှာ စီးပွားရေးအခြေအနေကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ခဲ့ပါတယ်။ မဲဆန္ဒရှင်အများအပြားဟာ အစားအသောက်၊ လောင်စာဆီနဲ့ အိမ်သုံးစရိတ်တွေ မြင့်တက်လာတာကြောင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ စစ်တမ်းတွေမှာ ဖြေဆိုခဲ့ကြပါတယ်။
ဒါ့အပြင် သမ္မတရဲ့ အာဏာကို ထိန်းကျောင်းနိုင်ဖို့ လွှတ်တော်အနေနဲ့ ပိုမိုထိရောက်တဲ့ အပြန်အလှန်ထိန်းကျောင်းမှုတွေ လုပ်ဆောင်သင့်တယ်လို့ ယူဆတဲ့ မဲဆန္ဒရှင်တွေလည်း ဒီမိုကရက်ပါတီကို ထောက်ခံခဲ့ကြပါတယ်။
ဒီမိုကရက်ပါတီဟာ အောက်လွှတ်တော်မှာသာမက အထက်လွှတ်တော်မှာပါ အနိုင်ရရှိခဲ့တာကြောင့် သမ္မတဒေါ်နယ်ထရမ့်ရဲ့ လက်ကျန်သမ္မတသက်တမ်းအတွင်း ဥပဒေပြုရေးနဲ့ အစိုးရမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ အတိုက်အခံပါတီရဲ့ ထိန်းကျောင်းမှုကို ပိုမိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
အမေရိကန်သမိုင်းမှာ ယခင်သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်ဟာ ၂၀၀၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့မှုကို ပြင်းထန်တဲ့ ရှုံးနိမ့်မှု (Thumping) လို့ သုံးနှုန်းခဲ့ဖူးပါတယ်။
အဲဒီနောက် ၂၀၁၀ ပြည့်နှစ်မှာ ဒီမိုကရက်သမ္မတ ဘာရက်အိုဘားမားကလည်း သူ့ပါတီရဲ့ ရွေးကောက်ပွဲရှုံးနိမ့်မှုကို အကြီးအကျယ် အရေးနိမ့်ခဲ့ခြင်း (Shellacking) လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ရင်ဆိုင်ခဲ့ရတဲ့ ရှုံးနိမ့်မှုကတော့ အဲဒီဖြစ်ရပ်တွေထက် ပိုမိုကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲတစ်ခုအဖြစ် သတ်မှတ်ခံနေရပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ရဲ့ အသုံးအနှုန်းကို ယူသုံးရမယ်ဆိုရင်တော့ ဒီတစ်ကြိမ် ရီပတ်ဘလစ်ကန်ပါတီရဲ့ ရှုံးနိမ့်မှုဟာ “Yuge” လို့ခေါ်ရမယ့် အလွန်ကြီးမားတဲ့ ရှုံးနိမ့်မှုတစ်ခုဖြစ်ပါတယ်။

