၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ထိုင်းနိုင်ငံက မင်းသမီးဟောင်းနဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူ ပနဒ္ဓါ ဝမ်ဖူဒီး (ဘွမ်) နဲ့ သူ့ရဲ့ခင်ပွန်းတို့ကို ပရဟိတဖောင်ဒေးရှင်းအတွက် လှူဒါန်းထားတဲ့ အလှူငွေတွေ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အသက် ၅၀ အရွယ် ဘွမ်ကို ဘန်ကောက်မြို့ရှိ နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ခင်ပွန်းဖြစ်သူ အတိပ် အနန်တဝမ်ကိုလည်း တစ်ချိန်တည်းမှာပဲ ဖမ်းဆီးခဲ့ပါတယ်။ သူတို့နှစ်ဦးကို ပြည်သူတွေကို လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ ကွန်ပျူတာရာဇဝတ်မှုဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။
ရဲတပ်ဖွဲ့ဟာ သူတို့နှစ်ဦးနဲ့ ဆက်စပ်တဲ့ နေရာ ၄ ခုကို တစ်ပြိုင်တည်း ဝင်ရောက်ရှာဖွေခဲ့ပြီး စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့သလို အိမ်ခြံမြေနဲ့ မော်တော်ယာဉ်ပိုင်ဆိုင်မှုတွေကိုလည်း စစ်ဆေးနေပါတယ်။
ဒီအမှုဟာ ဘွမ်တည်ထောင်ထားတဲ့ ပရဟိတဖောင်ဒေးရှင်းကို ရေဘေးသင့်ပြည်သူတွေနဲ့ နယ်စပ်ဒေသနေထိုင်သူတွေ ကူညီဖို့ လှူဒါန်းထားတဲ့ ငွေကြေးတွေ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာလည်း အလှူရှင် ၁၀ ဦးက ရှေ့နေ ဆစ်ထရာ ဘီဘင်ကာနဲ့အတူ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။
ဘွမ်ဟာ ၂၀၀၀ ပြည့်နှစ်က မယ်ထိုင်းပြိုင်ပွဲမှာ အနိုင်ရခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်နဲ့ လူမှုရေးလှုပ်ရှားသူတစ်ဦးအဖြစ် လူသိများလာသူပါ။ အမှုစုံစမ်းစစ်ဆေးနေချိန်အတွင်း ဖောင်ဒေးရှင်းဥက္ကဋ္ဌတာဝန်ကနေလည်း ယာယီရပ်ဆိုင်းခံထားရပါတယ်။
သူမရဲ့ရှေ့နေကတော့ ဘွမ်ဟာ တရားရုံးမှာ မိမိကိုယ်ကို ခုခံကာကွယ်ဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့က နှစ်ဦးစလုံးကို နိုဝင်ဘာ ၇ ရက်မှာ ရာဇဝတ်တရားရုံးကို ပို့ဆောင်မှာဖြစ်ပြီး အာမခံပေးဖို့ကိုလည်း ကန့်ကွက်သွားမယ်လို့ သိရပါတယ်။

