Language:

UWSP က အမျိုးသမီး(၄)ဦးကို တရားမဝင် ဘာသာရေးဖွဲ့စည်းမှုနဲ့ ထောင်ဒဏ်ချမှတ်


UWSP က အမျိုးသမီး(၄)ဦးကို တရားမဝင် ဘာသာရေးဖွဲ့စည်းမှုနဲ့ ထောင်ဒဏ်ချမှတ်

၅ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

“ဝ” ပြည်နယ်အတွင်း တရားမဝင်ဘာသာရေးအဖွဲ့ ဖွဲ့စည်းမှုနဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်စေတဲ့ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီး ၄ ဦးကို UWSP က နိုဝင်ဘာ ၄ ရက်မှာ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ဇူလိုင် ၃၀ ရက်ကနေ ဩဂုတ် ၂၀ ရက်အထိ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ သံသယရှိသူ ၄၂ ဦးကို ထိန်းသိမ်းခဲ့ပြီး ဖုန်း ၃၈ လုံးနဲ့ လက်ပ်တော့တစ်လုံးကို သိမ်းဆည်းခဲ့ပါတယ်။

အမှုနဲ့မသက်ဆိုင်သူ ၃၈ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဝ” ပြည်နယ် တရားစီရင်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ဟွမ်ရှောက်ရှန်း (Huang Xiaoxiang)၊ ယေ့ချင်း (Ye Qing)၊ ယေ့ရုန်း (Ye Rong) နဲ့ အိုမင် (Ouming) တို့ကို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲမှာ ဟွမ်ရှောက်ရှန်းကို တရားမဝင်ဘာသာရေးအဖွဲ့ ဖွဲ့စည်းမှုအတွက် ထောင်ဒဏ် ၇ နှစ်နဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်စေတဲ့ စည်းရုံးလှုံ့ဆော်မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။ ကျန်အမျိုးသမီး ၃ ဦးကိုတော့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပါတယ်။

အရင်ကလည်း UWSA ဟာ ဒေသအခေါ် ‘ယေရှုတရုတ်မဂိုဏ်း’ လို့ လူသိများတဲ့ ဘာသာရေးအဖွဲ့ ဝင်ရောက်လှုပ်ရှားလာမှုကြောင့် ဩဂုတ်လ ဒုတိယပတ်ကစပြီး နေရာ ၄ ခုမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို ယာယီပိတ်ခဲ့ပြီး ၂ လအကြာမှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

UWSA ရဲ့ တရားရေးကော်မတီကလည်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တရားမဝင်အဖွဲ့အစည်းတွေနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ဆက်လက်အရေးယူသွားမယ်လို့ ပြောထားပါတယ်။

ဘုရားကျောင်းတွေ ပြန်ဖွင့်ပေးခဲ့ပေမဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ သတ်မှတ်ထားတဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ကတိဝန်ခံချက်တွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ဘာသာရေး

#ဝဒေသ

#ပန်ဆန်း

#ရှမ်းအရှေ့

ဆက်စပ်သတင်းများ

Eastern Thanlwin