၅ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ဒူဘိုင်းမြို့မှာ လူ ၃ ဦး သတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို လာအိုဘက်ကနေ မဲခေါင်မြစ်ဖြတ်ကူးပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာချိန် နွန်ခါယ်ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဝမ်ချွမ်ရှင် (Wang Chuanxin) ကို အောက်တိုဘာ ၆ ရက် ည ၇ နာရီခန့်က ဖုန်းဖီဆိုင်ခရိုင်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ရဲ့အိတ်ထဲကနေ အီတိုမီဒိတ်ဆေးမှုန့် ၅ ကီလိုဂရမ်ခန့်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါဆေးဟာ ဆေးဘက်ဆိုင်ရာ မေ့ဆေးတစ်မျိုးဖြစ်ပြီး မူးယစ်ဆေးဝါးအဖြစ် တလွဲအသုံးပြုနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ဝမ်ချွမ်ရှင်ဟာ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း ဒူဘိုင်းမှာ လူ ၃ ဦး သတ်ဖြတ်မှုနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုက ဖမ်းဝရမ်းထုတ်ထားသူဖြစ်ပါတယ်။
ထွက်ပြေးနေစဉ် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ယူအေအီးနိုင်ငံတို့ကို သွားလာခဲ့ပြီး နောက်ဆုံး လာအိုမှာ ပုန်းအောင်းနေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
သူ့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ထိန်းချုပ်ထားတဲ့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုတို့အတွက် ထိုင်းနိုင်ငံမှာ အရင်ဆုံး တရားစွဲဆိုသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ယူအေအီးနိုင်ငံကို လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

