Language:

တာချီလိတ်မြို့မှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် ရေစီးဆင်းမှုပိတ်ဆို့ပြီး အနံ့ဆိုးများ ထွက်ပေါ်နေ


တာချီလိတ်မြို့မှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် ရေစီးဆင်းမှုပိတ်ဆို့ပြီး အနံ့ဆိုးများ ထွက်ပေါ်နေ

၅ ရက် နိုဝင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့က ရေစီးဆင်းရာ ရေချောင်းတွေအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေကြောင့် အမှိုက်အများအပြား စုပုံကာ ပိတ်ဆို့နေပြီး အနံ့ဆိုးတွေ ထွက်ပေါ်နေတယ်လို့ မြို့ဒေသခံတွေက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တွေအတွင်း ရေစီးဆင်ရော ချောင်းတွေဖြစ်တဲ့ နန့်ယွန်းချောင်း၊ ဆန်ဆိုင်းဈေးအနီးရှိ ချောင်း နဲ့ သင်္ဘောဟိုတယ်အနီးရှိ ချောင်းတွေမှာ စွန့်ပစ်ထားတဲ့ အမှိုက်တွေ စုပုံနေကာ ပိတ်ဆို့နေပြီး အနံ့ဆိုးတွေ ထွက်ပေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။

“လူတွေက စည်းကမ်းလည်း မရှိကြဘူးလေ။ အဓိကတော့ ချောင်းထဲကို အမှိုက်လာပစ်ကြတဲ့ ပြသာနာ၊ အမှိုက်တွေက ရေစီးနဲ့ မမျှော်နိုင်တော့ ပိတ်ဆို့ပြီး အနံတွေက ဘေးပတ်ဝန်းကျင်အကုန်လုံး နံစော်နေတာဘဲ” လို့ ရေချောင်းအနီးနေထိုင်သူတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနအနေနဲ့လည်း ချောင်းနဲ့မြောင်းတွေထဲ အမှိုက်စွန့်ပစ်ခြင်းမပြုဖို့ အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ထားပြီး ကြီးကြပ်ဆောင်ရွက်တာနဲ့ အမှိုက်ရှင်းလင်းရေးလုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေပေမယ့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ရေမြောင်းပိတ်ဆို့မှုကို ဖြေရှင်းဖို့ အခက်တွေ့နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့အပိုင်းကလည်း တောက်လျှောက်လုပ်နေပါတယ်။ ပြည်သူတွေကလည်း စည်းကမ်းရှိဖို့ လိုတယ်။ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေပါတယ်။” လို့ တာချီလိတ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

ဒေသခံတချို့ရဲ့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေကြောင့် အမှိုက်တွေ ဆက်လက်စုပုံနေတာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပိုမိုကြပ်မတ်ဆောင်ရွက်သင့်ကာ ရေချောင်းတွေအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို ဒဏ်ပေးစနစ်အပြင် ပညာပေးလုပ်ငန်းတွေပါ လုပ်ကိုင်သင့်တယ်လို့ ဆန်ဆိုင်းဈေးအနီး နေထိုင်သူတစ်ဦးက အကြံပြုပြောဆိုထားပါတယ်။

အဆိုပါ ချောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းလာစေဖို့ စည်ပင်သာယာရေးဌာနနဲ့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ပူးပေါင်းကြီးကြပ်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပြီး မြို့‌ဒေသခံပြည်သူတွေအနေနဲ့လည်း အမှိုက်များကို သတ်မှတ်ထားတဲ့ နေရာတွေမှာ စနစ်တကျစွန့်ပစ်ကြဖို့ လိုအပ်နေတာဖြစ်ပါတယ်။

“ချောင်းထဲအမှိုက်ပစ်တာက တစ်ချို့အိမ်တွေက အမှိုက်ကားမလာလို့ အမှိုက်တွေစုပုံနေတာနဲ့ အမှိုက်ခွန်မဆောင်မိရင် အမှိုက်ကားကလဲ မသယ်ဘူး ဒီအတိုင်းထားခဲ့တာ အဲ့တော့ အိမ်ရှင်တွေကလဲ တခြားပစ်စရာမရှိလို့ ချောင်းထဲပစ်ကြတာ”လို့ မြို့တွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။

တာချီလိတ်မြို့တွင်း ရေချောင်းတွေမှာ အမှိုက်စုပုံမှုမှာ မိုးရာသီ ရေကြီးရေလျှံဖြစ်ပြီး ထွက်ပေါ်လာတဲ့ အမှိုက်နဲ့ နွေရာသီ ရေစီးဆင်းနည်းပါးတဲ့အတွက် အမှိုက်တွေစုံပုံနေတာကြောင့် ဖြစ်ပြီး မြို့ခံတွေအနေနဲ့လဲ အမှိုက်ကို စည်းကမ်းတစ်ကျ စွန့်ပစ်ရန်လိုအပ်နေတာဖြစ်ပါတယ်။

#အမှိုက်

#ရေချောင်း

#စည်းကမ်းမဲ့

#တာချီလိတ်

ဆက်စပ်သတင်းများ

Eastern Thanlwin