Language:

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာတွေကို တရားမဝင် နယ်စပ်မှာ လာရောက်စွန့်ပစ်နေ


ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာတွေကို တရားမဝင် နယ်စပ်မှာ လာရောက်စွန့်ပစ်နေ

၄ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာအာဏာပိုင်ကို အကြောင်းမကြားဘဲ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လာရောက်စွန့်ပစ်မှုများ ထိုင်းအာဏာပိုင်တွေက အကြိမ်ကြိမ်ပြုလုပ်နေတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ယခင်က နှစ်ဖက်အာဏာပိုင်အချင်းချင်း ညှိနှိုင်းပြီး တရားဝင် လွှဲပြောင်းလက်ခံတာတွေ ပြုလုပ်ပြီး မူရင်းနေရပ်ဒေသကို ပြန်လည်ပို့ဆောင်ခဲ့ပေမယ့် ယခုလက်ရှိမှာ တစ်လကို (၂)ကြိမ်မှ(၃)ကြိမ်ခန့် ထိုင်းအာဏာပိုင်ဘက်က တရားမဝင် လာရောက်စွန့်ပစ်သွားတာတွေ ပြုလုပ်နေတာပါ။

“ကျွန်တော်တို့အနေနဲ့ ဒါမျိုးတရားမဝင် လာပြီးစွန့်ပစ်တာတွေမလုပ်ဖို့ ထိုင်းသံအမတ်ကော် လာအိုဘက်ကိုကော ပြောထားပါတယ်။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း တွေ့ရှိရင် စိစစ်ပြီး နေရပ်ပြန်နိုင်ဖို့ လူကယ်ပြန်နဲ့ ထွေ/အုပ်က စီစဉ်ပေးနေပါတယ်။ တကယ်တမ်းတော့ တရားဝင်လွှဲပြောင်းရမှာပါ”လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာမျိုးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီးပါက ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ခွင့်မပြုတဲ့ အစီအစဉ်ဖြစ်တဲ့ Black List သွင်းပြီး မြန်မာနိုင်ငံဘက်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကို စနစ်တကျလွှဲပြောင်းပေးရမှာဖြစ်ပေမယ့် လက်ရှိမှာ ထိုင်းဘက်က နှစ်နိုင်ငံ သဘောတူညီချက်ကို မလိုက်နာဘဲ နယ်စပ်မှာ လာရောက်စွန့်ပစ်နေတာဖြစ်ပါတယ်။

“ကြားသလောက်တော့ လူလွှဲပြောင်းဖို့က နိုင်ငံခြားရေးဝန်ကြီးဌာနထိ အဆင့်ဆင့် အကြောင်းကြားနေရတော့ အချိန်ကြာလို့ ထိုင်းက လာပစ်တာလို့ကြားတယ်၊ ပြသာနာက အဲ့လူတွေက သွားဖို့လာဖို့မရှိတော့ လမ်းပေါ်ကြုံသလိုနေထိုင်စားသောက်နေကြတာ ဒုစရိုက်မှုတွေလဲ ဒါကြောင့်ဖြစ်တာဘဲ”လို့ ဒေသခံတစ်ဦးကလဲ ပြောပါတယ်။

တာချီလိတ်မြို့နယ်အတွင်း ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမဝင်လာရောက်စွန့်ပစ်သွားတဲ့ မြန်မာနိုင်ငံသားအရေအတွက်မှာ တစ်ကြိမ်ကို လူဦးရေ(၅၀)မှ (၃၀)ကြားရှိပြီး ဟွေလှေလှန်ကျေးရွာနဲ့ ပါဆတ်ရပ်ကွက်အနီး နယ်စပ်မျဉ်းဖြစ်တဲ့ မယ်ဆိုင်ချောင်းမှာ လာရောက် စွန့်ပစ်သွားကြတာဖြစ်တယ်လို့ သိရှိရပါတယ်။

#တရားမဝင်နေထိုင်မှု

#မြန်မာနိုင်ငံသား

#ထိုင်းလဝက

#နယ်စပ်မျဉ်း

#တာချီလိတ်

ဆက်စပ်သတင်းများ

Eastern Thanlwin