၄ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
အမေရိကန်နိုင်ငံမှာ နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီဟာ ရီပတ်ဘလီကန်ပါတီထံကနေ အောက်လွှတ်တော်ကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ အမေရိကန်သတင်းဌာနတွေက ခန့်မှန်းဖော်ပြထားပါတယ်။ အထက်လွှတ်တော်မှာလည်း ဒီမိုကရက်တွေက နေရာအချို့ ထပ်မံရရှိနိုင်တဲ့ အခြေအနေရှိနေပါတယ်။
လက်ရှိမှာ မဲရေတွက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဒီရွေးကောက်ပွဲဟာ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဒုတိယသက်တမ်း ပထမနှစ်နှစ်အတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် အမေရိကန်ပြည်သူတွေ ဘယ်လိုသဘောထားရှိနေသလဲဆိုတာကို ပြသတဲ့ ရွေးကောက်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲရလဒ်တွေအရ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ဒီမိုကရက်ပါတီက ရွိုင်းကူပါက ရီပတ်ဘလီကန်ပါတီက မိုက်ကယ်ဝှစ်တလေကို အနိုင်ရခဲ့ပါတယ်။ တောင်ကာရိုလိုင်းနားပြည်နယ်မှာလည်း ဒီမိုကရက်ပါတီဝင် ကလေးအထူးကုဆရာဝန် အန်နီအန်ဒရူးစ်က ရီပတ်ဘလီကန် ဒါးလင်းဂရေဟမ်ကို အနိုင်ရခဲ့ပါတယ်။
တက္ကဆက်ပြည်နယ်မှာ ဂျိမ်းစ်တာလာရီကိုက ကင်ပက်စ်တွန်ကို အနိုင်ရခဲ့သလို အိုဟိုင်းအိုပြည်နယ်မှာလည်း ရှယ်ရော့ဒ်ဘရောင်း အနိုင်ရခဲ့ပါတယ်။ ကန်ဆပ်ပြည်နယ်မှာတော့ အာဒမ်ဟာမီလ်တန် အနိုင်ရခဲ့တာကြောင့် ၁၉၃၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရက်ပါတီက အထက်လွှတ်တော်နေရာတစ်ခု ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။
နယူးဂျာစီပြည်နယ်မှာလည်း ဒီမိုကရက်ပါတီက ရီဘက်ကာဘန်းနက်က ရီပတ်ဘလီကန်ပါတီက တွမ်ကီးန်ကို အနိုင်ရပြီး မဲဆန္ဒနယ်ကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဂျော်ဂျီယာပြည်နယ်မှာတော့ ဂျွန်အိုဆော့ဖ်က အထက်လွှတ်တော်နေရာကို ပြန်လည်ရရှိခဲ့ပြီး နယူးဟမ်ရှိုင်းယားပြည်နယ်မှာလည်း ခရစ်ပါပတ်စ် အနိုင်ရခဲ့ပါတယ်။
ဒီရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အမေရိကန်နိုင်ငံသား ၂၁၀ သန်းကျော်ရှိခဲ့ပြီး ကြိုတင်မဲပေးသူကတော့ ၅၇ သန်းကျော် ရှိခဲ့ပါတယ်။ စစ်တမ်းတွေအရ မဲဆန္ဒရှင်အများစုဟာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ သမ္မတထရန့်ရဲ့ အစိုးရလုပ်ဆောင်ချက်တွေအပေါ် မကျေနပ်မှုတွေ ရှိနေကြတယ်လို့ ဖော်ပြထားပါတယ်။
ဒီမိုကရက်ပါတီက အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် သမ္မတထရန့်ရဲ့ ဥပဒေပြုရေးအစီအစဉ်တွေကို ဟန့်တားနိုင်သလို အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
သမ္မတထရန့်ကတော့ သူကိုယ်တိုင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်ခဲ့မယ်ဆိုရင် ရီပတ်ဘလီကန်ပါတီ အနိုင်ရနိုင်တယ်လို့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ အိမ်ဖြူတော်အရာရှိတစ်ဦးကလည်း လက်ရှိအခြေအနေမှာ အစိုးရအဖွဲ့ရဲ့ စိတ်ဓာတ်ဟာ ခိုင်မာနေဆဲဖြစ်တယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေနဲ့ အခြားလွှတ်တော်နေရာတွေမှာလည်း ဒီမိုကရက်ပါတီအတွက် အနိုင်ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ဂျော်ဂျီယာပြည်နယ်မှာ ကီရှာလန့်စ်ဘော့တမ်က အုပ်ချုပ်ရေးမှူးအဖြစ် အနိုင်ရခဲ့ပြီး အမေရိကန်သမိုင်းမှာ ပထမဆုံး လူမည်းအမျိုးသမီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။
တက္ကဆက်ပြည်နယ်မှာလည်း ဒီမိုကရက်ပါတီက ဂျီနာဟီနိုဂျိုးဆာက လက်ရှိအုပ်ချုပ်ရေးမှူး ဂရက်ဂ်အဘော့ကို အနိုင်ရခဲ့ပါတယ်။ အိုင်အိုဝါပြည်နယ်မှာတော့ ရော့ဘ်ဆန်းက အုပ်ချုပ်ရေးမှူးနေရာကို ဒီမိုကရက်ပါတီအတွက် ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
မင်နီဆိုတာပြည်နယ်မှာလည်း ပက်ဂီဖလာနာဂန်က အထက်လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့ပြီး အမေရိကန်သမိုင်းမှာ ပထမဆုံး ဌာနေတိုင်းရင်းသားအမျိုးသမီး အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။
အခုလို ဒီမိုကရက်ပါတီက အောက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့် ဒီမိုကရက်ပါတီခေါင်းဆောင် ဟာကင်မ်ဂျက်ဖရီးစ်ဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး လူမည်းအောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

