၄ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
NPW
မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြုမူတာနဲ့ အုပ်စုဖွဲ့ အကြမ်းဖက်တာတွေ ကာကွယ်တားဆီးနိုင်ဖို့ ကျောင်းတွင်း အကြမ်းဖက်မှုကင်းစင်ရေး မူဝါဒတစ်ရပ် ချမှတ်အကောင်အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
အဆိုကို ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်က နိုဝင်ဘာ ၄ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာဖြစ်ပြီး အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျောင်းသားတစ်ယောက်ဟာ ကျောင်းတက်ရင်း အနိုင်ကျင့်ခံရမလား၊ အုပ်စုဖွဲ့ထိုးကြိတ်ခံရမလားဆိုတဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်နေရရင် ကျောင်းတက်ချင်စိတ် လျော့နည်းလာနိုင်သလို ပညာသင်ယူမှုနဲ့ ကျောင်းအပေါ် ယုံကြည်မှုတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ အဆိုရှင် ဒေါက်တာလှတင့်က လွှတ်တော်မှာ ပြောပါတယ်။
အဲဒီအခြေအနေတွေကြောင့် ကျောင်းသားတချို့ ကျောင်းထွက်တဲ့အထိ ဖြစ်လာနိုင်ပြီး နိုင်ငံရဲ့ အနာဂတ်လူငယ်တွေအတွက်လည်း ဆုံးရှုံးမှုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ကျောင်းတွင်း၊ ကျောင်းပြင်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေ အုပ်စုဖွဲ့ရန်ဖြစ်တာ၊ ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာနဲ့ အကြမ်းဖက်တာတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ မကြာခဏ တွေ့နေရပြီး တချို့ဖြစ်စဉ်တွေမှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားနေတယ်လို့ အဆိုရှင်က ထောက်ပြပါတယ်။
ဒါ့အပြင် ကျောင်းတွေကို အကြမ်းဖက်မှုနဲ့ အနိုင်ကျင့်မှုကင်းစင်တဲ့ ကျောင်းတွေအဖြစ် ကြေညာထားရုံနဲ့ မလုံလောက်ဘဲ အနိုင်ကျင့်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အလွယ်တကူ တိုင်ကြားနိုင်မယ့်စနစ်၊ နစ်နာသူတွေကို ကာကွယ်ကူညီပေးမယ့်စနစ်နဲ့ ပြဿနာတွေကို မျှမျှတတ ဖြေရှင်းပေးနိုင်မယ့် ယန္တရားတွေပါ ကျောင်းတိုင်းမှာ ရှိဖို့လိုတယ်လို့ ပြောပါတယ်။
“အနိုင်ကျင့်ခံရတဲ့ ကလေးတွေကို ကာကွယ်ပေးတဲ့စနစ်ရှိရမယ်၊ နစ်နာသူကို ကူညီပေးတဲ့ အနေအထားရှိရမယ်။ ပြဿနာဖြစ်လာလို့ရှိရင် ပြဿနာကို မျှတစွာဆုံးဖြတ်နိုင်တဲ့ ကျောင်းမျိုးလည်း ဖြစ်ရမယ်” လို့ ဒေါက်တာလှတင့်က ပြောပါတယ်။
ဒါကြောင့် ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပူးပေါင်းပြီး အခြေခံပညာကျောင်းတွေမှာ အနိုင်ကျင့်မှုနဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးနိုင်မယ့် မူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်းပြီး လက်တွေ့အကောင်အထည်ဖော်ပေးဖို့ ရည်ရွယ်ကာ အခုအဆိုကို တင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ် Global School-based Student Health Survey (GSHS) အစီရင်ခံစာအရ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ၅၀ ဒသမ ၁ ရာခိုင်နှုန်းဟာ စစ်တမ်းမကောက်ယူမီ ရက်ပေါင်း ၃၀ အတွင်း အနိုင်ကျင့်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနှုန်းဟာ ၂၀၀၇ ခုနှစ် စစ်တမ်းမှာ ၁၉ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ်မှာ ၅၀ ဒသမ ၁ ရာခိုင်နှုန်းအထိ နှစ်ဆကျော် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် UNICEF ရဲ့ မြန်မာနိုင်ငံ ကျောင်းတွင်းအကြမ်းဖက်မှုနဲ့ အနိုင်ကျင့်မှုဆိုင်ရာ လေ့လာချက်မှာလည်း မြန်မာနိုင်ငံရဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုနှုန်းဟာ ဒေသတွင်းနဲ့ ကမ္ဘာ့ပျမ်းမျှနှုန်းတွေထက် သိသိသာသာ မြင့်မားနေတယ်လို့ ဖော်ပြထားပါတယ်။
ကျောင်းတွင်း ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ် စစ်တမ်းမှာ ကျောင်းသား၊ ကျောင်းသူ ၃၂ ဒသမ ၈ ရာခိုင်နှုန်းက အဲဒီလိုတိုက်ခိုက်ခံခဲ့ရကြောင်း ဖြေဆိုထားပါတယ်။
အနိုင်ကျင့်ခံရမှုဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ပညာသင်ယူမှုအပေါ်လည်း သက်ရောက်မှုရှိနေပြီး UNICEF ရဲ့ အချက်အလက်တွေအရ အနိုင်ကျင့်ခံခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေမှာ အနိုင်ကျင့်မခံရသူတွေထက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အလေးအနက်စဉ်းစားခဲ့မှု ပိုမိုမြင့်မားကြောင်း တွေ့ရှိထားပါတယ်။
ဒါကြောင့် ကျောင်းတွင်းအကြမ်းဖက်မှုကို တားဆီးဖို့အတွက် စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ရုံသာမက တိုင်ကြားမှုလက်ခံရေး၊ နစ်နာသူကာကွယ်ရေး၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးရေးနဲ့ ဖြစ်စဉ်တွေကို မျှတစွာ စုံစမ်းဖြေရှင်းရေးတို့ပါဝင်တဲ့ စနစ်တစ်ရပ် လိုအပ်နေကြောင်း အဆိုရှင်က တိုက်တွန်းထားပါတယ်။
လွှတ်တော်က အခုအဆိုကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ထားပြီး အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုနဲ့ အစိုးရဘက်က တုံ့ပြန်ဆောင်ရွက်မှုတွေကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

