၄ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖွမ်ကက်ကဲဝ်ဟာ လာမယ့် နိုဝင်ဘာ ၁၂ ရက်မှာ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းမောင်ဆွေနဲ့ တွေ့ဆုံမယ်လို့ ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့လည်း စီစဉ်နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
သီဟဆက်က နိုဝင်ဘာ ၃ ရက်မှာ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပြောကြားခဲ့တာဖြစ်ပြီး အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေနဲ့ ရပ်တည်ချက်ကို သိရှိလိုတာကြောင့် အခုခရီးစဉ်ကို သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပေကျင်းမှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်း ဝန်ကြီးများအစည်းအဝေးအတွင်း ဦးသန်းမောင်ဆွေနဲ့ ၁၀ မိနစ်ကြာ ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်အနီး မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းဘက်မှာ စိုးရိမ်မှုရှိနေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ထိုင်းနယ်စပ်နဲ့ ဝေးနိုင်သမျှဝေးတဲ့ နေရာတွေမှာ လုပ်ဆောင်ဖို့လည်း တောင်းဆိုခဲ့ပြီး ဦးသန်းမောင်ဆွေက ထိုင်းဘက်ရဲ့ စိုးရိမ်ချက်တွေကို မြန်မာခေါင်းဆောင်ပိုင်းထံ တင်ပြပေးမယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ထိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သလို နယ်စပ်ကျေးရွာတွေမှာ နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေးတိုးမြှင့်ထားပြီး နိုဝင်ဘာ ၃ ရက်မှာ မြန်မာနိုင်ငံကို ကန့်ကွက်စာ ပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကို အာဆီယံအတွင်း ပြန်လည်ပါဝင်လာနိုင်ရေး ကြိုးပမ်းနေတယ်လို့ သီဟဆက်က ပြောပါတယ်။ ဒါပေမဲ့ မြန်မာဘက်ကလည်း အကြမ်းဖက်မှုတွေ လျှော့ချပြီး အာဆီယံရဲ့ စိုးရိမ်ချက်တွေကို တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်က လာမယ့် မနီလာအာဆီယံထိပ်သီးအစည်းအဝေးကို အဆင့်မြင့်အရာရှိတစ်ဦး စေလွှတ်မယ်လို့ သိရပါတယ်။

