Language:

နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ၂ လထဲ အယ်လ်နီညို အမြင့်ဆုံးအခြေအနေကို ရောက်လာနိုင်တယ်လို့ မိုး/ဇလ သတိပေး


နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ၂ လထဲ အယ်လ်နီညို အမြင့်ဆုံးအခြေအနေကို ရောက်လာနိုင်တယ်လို့ မိုး/ဇလ သတိပေး

၁ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

လက်ရှိဖြစ်ပေါ်နေတဲ့ အယ်နီညို ရာသီဥတုဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ အမြင့်ဆုံး အခြေအနေ ရောက်ရှိလာနိုင်တဲ့အတွက် ကဏ္ဍအလိုက်ကြိုတင်ပြင်ဆင်ထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိကာလ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်မှာ ပုံမှန်အပူချိန်ရဲ့ အထက်သို့ ၂.၅ ဒီဂရီဆဲလ်စီးယပ်မှ ၂.၈ ဒီဂရီဆဲလ်စီးယပ်အထိ ပိုနေပြီး လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသော အယ်လ်နီညိုအခြေနေမှာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။

အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်းနဲ့ လာမယ့် ဆောင်းရာသီနဲ့ နွေရာသီကာလတွေမှာ အပူချိန် မြင့်မားခြင်း၊ မိုးခေါင် ရေရှားခြင်းစတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်အသိပေးခဲ့ပြီးဖြစ်ပါတယ်။

ဆောင်းရာသီနဲ့ နွေရာသီကာလများ၌ အပူချိန် မြင့်မားခြင်းနဲ့ ရေရှားပါးမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်များမှာ ရေနည်းပါးနိုင်ခြင်း၊ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ပြတ်လပ်ခြင်း၊ ရေမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အပူရှပ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ရေရှားပါးမှုက တစ်ဆင့် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်တတ်တယ်လို့ သတိပေးထားပါတယ်။

ထို့ပြင် ရေလှောင်တမံများ၌ ရေဝင်နည်းပါးခြင်းကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းသွားနိုင်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားလာခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ထားကြရန် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုတိုက်တွန်းထားပါတယ်။

#နိုဝင်ဘာနဲ့ဒီဇင်ဘာ

#အယ်လ်နီညို

#အမြင့်ဆုံးအခြေအနေ

#မိုး/ဇလသတိပေး

ဆက်စပ်သတင်းများ

Eastern Thanlwin