၁ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)
IM
ထိုင်းရဲတပ်ဖွဲ့ဟာ အောက်တိုဘာ ၃၀ ရက်က ဘန်ကောက်နဲ့ ပတ္တရားမြို့တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ တရုတ်နိုင်ငံမှာ မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေဖြစ်ပြီး Wen (အသက် ၃၃ နှစ်)၊ Fang (အသက် ၃၅ နှစ်) နဲ့ Zhang (အသက် ၃၃ နှစ်) တို့ဖြစ်ပါတယ်။ ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) က အောက်တိုဘာ ၃၁ ရက်မှာ ဒီဖမ်းဆီးမှုကို ထုတ်ပြန်ခဲ့တာပါ။
Wen ကို ဘန်ကောက်မြို့ ရတ်ဘူရဏာဒေသက ကွန်ဒိုတစ်ခုမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ Fang ကိုတော့ ဘန်ကောက်မြို့ ဆိုင်းမိုင်ဒေသက ဇိမ်ခံအိမ်ကြီးတစ်လုံးမှာ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမဲ့ ထွက်ပြေးသွားတာကြောင့် ပတ္တရားမြို့က ကော်ဖီဆိုင်တစ်ခုမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Zhang ကိုလည်း ဘန်ကောက်မြို့ ဆထုံးဒေသက ဇိမ်ခံကွန်ဒိုတစ်ခုမှာ ဖမ်းဆီးရမိခဲ့တာပါ။
ရှာဖွေစစ်ဆေးမှုတွေအတွင်း အိုက်စ်မူးယစ်ဆေး ၈၁ ဒသမ ၇ ဂရမ်၊ မူးယစ်ဆေးထုပ်ပိုးတဲ့ ပစ္စည်းတွေ၊ ချိန်ခွင်တွေ၊ Mac Pro ကွန်ပျူတာတစ်လုံးနဲ့ သံသယဖြစ်ဖွယ် အရည်တွေပါဝင်တဲ့ ပုလင်းတွေနဲ့ သေတ္တာတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ စုံစမ်းရေးအရာရှိတွေရဲ့ ပြောကြားချက်အရ Fang ဟာ မူးယစ်ဆေးဝါးတွေကို စီမံကိုင်တွယ်ထုတ်လုပ်တဲ့ အဖွဲ့ရဲ့ အဓိကတာဝန်ရှိသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်အရ အဲဒီအဖွဲ့ဟာ ထိုင်းအစားအစာနဲ့ မုန့်ပစ္စည်းတွေရဲ့ ထုပ်ပိုးမှုအတွင်း မက်သာဖက်တမင်းခေါ် အိုက်စ်မူးယစ်ဆေးတွေကို ဖုံးကွယ်ပြီး တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ပါဆယ်ထုပ်တွေကို SF Express နိုင်ငံတကာပို့ဆောင်ရေးဝန်ဆောင်မှုကတစ်ဆင့် ဘေဂျင်း၊ တီယန်ကျင်းနဲ့ ချင်ဟွမ်တောင်မြို့တွေကို ပို့ခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC) ကလည်း အဲဒီသံသယရှိသူတွေကို ဖမ်းဆီးနိုင်ဖို့ ထိုင်းအာဏာပိုင်တွေကို အကူအညီတောင်းခံခဲ့တာပါ။
ဒီစစ်ဆင်ရေးကို ONCB ရဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးနှိမ်နင်းရေး ညှိနှိုင်းရေးဒါရိုက်တာ Ritthisri Chotikasathien နဲ့ ရဲမှူးကြီး Santhonthan Aromrat တို့က ဦးဆောင်ခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ မျက်နှာနဲ့ ကိုယ်ရေးအချက်အလက်ဆိုင်ရာ ဇီဝမှတ်တမ်းတွေကို အသုံးပြုပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံခဲ့သလို ဖမ်းဆီးမှုမပြုလုပ်ခင်မှာလည်း ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်တွေကို ပယ်ဖျက်ခဲ့ပါတယ်။
ONCB ရဲ့ ပြောကြားချက်အရ အခုဖမ်းဆီးမှုဟာ နိုင်ငံခြားက မူးယစ်ဆေးဝါးရာဇဝတ်မှုတွေနဲ့ အလိုရှိနေသူတွေ ထိုင်းနိုင်ငံကို ပုန်းခိုရာနေရာအဖြစ် အသုံးမပြုနိုင်အောင် လုပ်ဆောင်နေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
လက်ရှိမှာ သံသယရှိသူတစ်ဦးကို မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုဖို့ စီစဉ်နေပြီး ကျန်နှစ်ဦးကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီးထိန်းသိမ်းထားကာ တရုတ်နိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေပါတယ်။
ဖမ်းဆီးရမိသူတွေနဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ဘန်ကောက်မြို့ ယန်နာဝါရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကလည်း နိုင်ငံခြားမှာ ဖမ်းဝရမ်းထုတ်ခံထားရသူတွေ ထိုင်းနိုင်ငံကို တိမ်းရှောင်ရာနေရာအဖြစ် အသုံးမပြုနိုင်အောင် တားဆီးနေတယ်လို့ ပြောပါတယ်။

