Language:

ဂျပန်တောင်းဆိုသော်လည်း မြန်မာနိုင်ငံ FATF အနက်ရောင်စာရင်းတွင် ဆက်ရှိ


ဂျပန်တောင်းဆိုသော်လည်း မြန်မာနိုင်ငံ FATF အနက်ရောင်စာရင်းတွင် ဆက်ရှိ

၃၁ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

IM

ဂျပန်အစိုးရက မြန်မာနိုင်ငံကို အနက်ရောင်စာရင်းကနေ ဖယ်ရှားပေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကမ္ဘာ့ငွေကြေးရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့ FATF ကတော့ မြန်မာနိုင်ငံကို စာရင်းထဲမှာ ဆက်လက်ထားရှိလိုက်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ FATF အဖွဲ့ဝင်နိုင်ငံ ၄၀ ရဲ့ အစည်းအဝေးအပြီးမှာ အခုလို ထုတ်ပြန်ခဲ့တာပါ။

လက်ရှိ FATF ရဲ့ အနက်ရောင်စာရင်းမှာ မြန်မာနိုင်ငံအပြင် အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့လည်း ပါဝင်နေပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို အနက်ရောင်စာရင်းကနေ ဖယ်ရှားပေးဖို့ FATF ကို စည်းရုံးခဲ့တာဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုဟာ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ကိုင်ရာမှာ ပိုမိုလွယ်ကူစေဖို့ ရည်ရွယ်တာလို့ ဂျပန်အစိုးရအရာရှိတစ်ဦးနဲ့ အခြားသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဂျပန်ကုမ္ပဏီအများအပြားဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီတချို့ ထွက်ခွာသွားခဲ့ပေမဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေကြတာပါ။

မြန်မာနိုင်ငံကို အနက်ရောင်စာရင်းကနေ ဖယ်ရှားပေးလိုက်ရင် စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် အထောက်အကူဖြစ်စေမယ်လို့ ဂျပန်ဘက်က ယုံကြည်ထားပါတယ်။ အာရှဒေသတွင်းက အခြားနိုင်ငံကြီးတစ်နိုင်ငံလည်း မြန်မာနိုင်ငံကို စာရင်းကနေ ပယ်ဖျက်ပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ FATF ဘက်ကတော့ အစည်းအဝေးအတွင်း ဆွေးနွေးချက်တွေဟာ လျှို့ဝှက်ထားရတဲ့အကြောင်းအရာတွေဖြစ်ပြီး အစည်းအဝေးပြီးဆုံးမှသာ ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်မယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အားနည်းချက်တွေကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက FATF ရဲ့ အနက်ရောင်စာရင်းမှာ ပါဝင်နေတာပါ။

ဒီစာရင်းမှာ ပါဝင်နေတဲ့ နိုင်ငံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ FATF အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ငွေကြေးဆိုင်ရာ စစ်ဆေးမှုတွေကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်ရပါတယ်။

ဒါပေမဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီငွေကြေးတွေနဲ့ ပုံမှန်ငွေလွှဲလုပ်ငန်းတွေကိုတော့ မထိခိုက်စေဖို့ လိုအပ်တယ်လို့ FATF က သတ်မှတ်ထားပါတယ်။

ဇွန်လအတွင်း ပြုလုပ်ခဲ့တဲ့ အကဲဖြတ်မှုမှာ မြန်မာနိုင်ငံဟာ တိုးတက်မှုတချို့ ရှိလာခဲ့ပေမဲ့ ငွေကြေးခဝါချမှုနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူနိုင်ဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ FATF က ထောက်ပြထားပါတယ်။

အထူးသဖြင့် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကနေ ရရှိလာတဲ့ တရားမဝင်ငွေကြေးတွေဟာလည်း စိုးရိမ်စရာဖြစ်နေဆဲလို့ ဆိုပါတယ်။

မြန်မာဘက်ကတော့ အွန်လိုင်းလိမ်လည်မှုစခန်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေသလို မူးယစ်ဆေးဝါးတွေကိုလည်း ဖမ်းဆီးအရေးယူနေတယ်လို့ ပြောဆိုထားပါတယ်။

အခုအစည်းအဝေးအပြီးမှာတော့ FATF ဟာ မြန်မာနိုင်ငံအပေါ် သတိပေးချက်ကို ပိုမိုခိုင်မာစေခဲ့ပြီး နိုင်ငံအတွင်း ပျံ့နှံ့နေတဲ့ လိမ်လည်မှုလုပ်ငန်းတွေကို ထိရောက်စွာ နှိမ်နင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဘူလ်ဂေးရီးယား၊ အိုင်ဗရီကို့စ်၊ ကွန်ဂိုနဲ့ မိုနာကိုနိုင်ငံတွေကို မီးခိုးရောင်စာရင်းကနေ ဖယ်ရှားပေးခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံကိုတော့ မီးခိုးရောင်စာရင်းမှာ ဆက်လက်ထားရှိခဲ့ပြီး တိုးတက်မှုမရှိဘူးဆိုရင် နောက်လာမယ့် အစည်းအဝေးမှာ အရေးယူနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

FATF ရဲ့ အနက်ရောင်စာရင်းကို တရားဝင်အားဖြင့် အရေးယူဆောင်ရွက်ရန် တောင်းဆိုထားတဲ့ အန္တရာယ်မြင့်မားသော နိုင်ငံနဲ့ နယ်မြေများစာရင်းလို့ ခေါ်ဆိုပါတယ်။ ဒီစာရင်းမှာ ပါဝင်တာဟာ FATF ရဲ့ အပြင်းထန်ဆုံး သတိပေးအရေးယူမှုဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်သွားတာ၊ ငွေကြေးဆိုင်ရာ လိုက်နာမှုစရိတ်တွေ မြင့်တက်လာတာနဲ့ ဘဏ်လုပ်ငန်းတွေ ကမ္ဘာ့ဘဏ္ဍာရေးစနစ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာဟာ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ကုန်သွယ်မှုနဲ့ စက်မှုအဆင့်အထိ လုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှုစခန်းတွေ ကြီးထွားလာစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

ဂျပန်ရဲ့ အခုလို ကြိုးပမ်းမှုဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာရဲ့ အထီးကျန်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာစစ်အစိုးရနဲ့ ပြန်လည်ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးပမ်းလာမှုတွေထဲက နောက်ဆုံးတစ်ခုလည်း ဖြစ်ပါတယ်။

အလားတူ အမေရိကန်အစိုးရဟာလည်း ပြီးခဲ့တဲ့လအတွင်း နေပြည်တော်မှာ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

#ဂျပန်

#လူ့အခွင့်အရေး

#ဒဏ်ခတ်ပိတ်ဆို့မှု

#မြန်မာနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin