၃၁ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
IM
ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေးလဲလှယ်ရေးကုမ္ပဏီ Binance ဆီကနေ ဒေါ်လာ ၆.၃ ဘီလီယံခန့် ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၉ ရက် ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ခရစ်ပတိုငွေကြေးသမိုင်းမှာ အကြီးမားဆုံး ခိုးယူမှုဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
TRM Labs ဘလောက်ချိန်းစောင့်ကြည့်ရေးကုမ္ပဏီရဲ့ အဆိုအရ ခိုးယူမှုအများစုဟာ မိနစ် ၂၀ ခန့်အတွင်း ဘလောက်ချိန်းကွန်ရက် ၁၀ ခုကနေတစ်ဆင့် ဖြစ်ပွားခဲ့တာပါ။
Binance ရဲ့ ပြောကြားချက်အရ ဟက်ကာတွေဟာ ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးရဲ့ လက်ပ်တော့ပ်ကို အရင်ဆုံး ဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက် ကုမ္ပဏီရဲ့ ငွေထုတ်ယူမှုစနစ်တွေကို အသုံးချပြီး တရားမဝင် ငွေကြေးထုတ်ယူမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ သုံးစွဲသူတွေရဲ့ ပိုက်ဆံအိတ်လျှို့ဝှက်သော့တွေ ပေါက်ကြားခဲ့တယ်ဆိုတဲ့ အထောက်အထားကိုတော့ လက်ရှိအချိန်အထိ မတွေ့ရသေးဘူးလို့ Binance က ပြောပါတယ်။ ကုမ္ပဏီရဲ့ စနစ်တွေမှာ နောက်ထပ် လုံခြုံရေးချိုးဖောက်မှုတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ခြေရာတွေကို ဖျက်ပစ်ဖို့ ရည်ရွယ်ထားတဲ့ ဆော့ဖ်ဝဲတွေကြောင့် စုံစမ်းစစ်ဆေးမှုမှာ အခက်အခဲတွေ ရှိနေပါတယ်။ လုံခြုံရေးကျွမ်းကျင်သူတွေကတော့ ဟက်ကာတွေဟာ လူမှုရေးအင်ဂျင်နီယာနည်းလို့ခေါ်တဲ့ လူကိုလှည့်ဖြားပြီး အချက်အလက်ရယူတဲ့ နည်းလမ်းကို အသုံးပြုကာ လက်ပ်တော့ပ်ထဲ ဝင်ရောက်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ မြောက်ကိုရီးယားနဲ့ ဆက်စပ်နေတဲ့ TraderTraitor ဟက်ကာအဖွဲ့ ရှိနိုင်တယ်လို့ TRM Labs နဲ့ Chainalysis ကုမ္ပဏီတို့က ပြောပါတယ်။
TraderTraitor အဖွဲ့ဟာ အရင်ကလည်း ခရစ်ပတိုငွေကြေးခိုးယူမှုတွေမှာ ပါဝင်ခဲ့ဖူးတဲ့ အဖွဲ့ဖြစ်ပါတယ်။ TRM Labs ကတော့ ရရှိထားတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေအပေါ် အခြေခံပြီး ဒီကောက်ချက်ကို ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
Chainalysis ကလည်း ဟက်ကာတွေဟာ အရင်က မတွေ့ဖူးသေးတဲ့ ခေတ်မီငွေကြေးခဝါချနည်းလမ်းတွေကို အသုံးပြုနေတယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရကတော့ ခရစ်ပတိုငွေကြေးခိုးယူမှုတွေနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပုံမှန်ငြင်းဆိုထားပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင် ခရစ်ပတိုငွေကြေးခိုးယူမှုတွေထဲမှာ အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တာကတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း Bybit ကုမ္ပဏီဆီက ဒေါ်လာ ၁.၅ ဘီလီယံ ခိုးယူခံခဲ့ရတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ Binance ဟာ ခိုးယူခံရတဲ့ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၃ ဘီလီယံခန့်ကို ဘလောက်ချိန်းလုပ်ငန်းမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး အေးခဲထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
Tether ကုမ္ပဏီက ဒေါ်လာ ၁.၅၇ ဘီလီယံနဲ့ Circle ကုမ္ပဏီက ဒေါ်လာ သန်း ၈၀၀ ကိုလည်း အေးခဲထားနိုင်ခဲ့တယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ Bitcoin နဲ့ Ether လို ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ခရစ်ပတိုငွေကြေးတွေကိုတော့ အလားတူနည်းလမ်းနဲ့ အေးခဲထားဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။
Binance ဟာ လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်အတွင်း ငွေထုတ်ယူမှုတွေကို ယာယီရပ်ဆိုင်းထားပါတယ်။ ၄၈ နာရီအတွင်း ဝန်ဆောင်မှုတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားပြီး ဆုံးရှုံးမှုအားလုံးကိုလည်း ကုမ္ပဏီရဲ့ ရန်ပုံငွေကနေ ပြန်လည်ပေးလျော်သွားမယ်လို့ ပြောပါတယ်။
Binance တည်ထောင်သူ Changpeng Zhao ကလည်း သုံးစွဲသူတွေရဲ့ ငွေကြေးတွေ လုံခြုံမှုရှိတယ်လို့ ပြောကြားထားပါတယ်။
ကုမ္ပဏီဟာ အရေးပေါ်အခြေအနေတွေမှာ သုံးစွဲသူတွေကို ကာကွယ်ပေးနိုင်ဖို့ SAFU လို့ခေါ်တဲ့ သုံးစွဲသူကာကွယ်ရေးရန်ပုံငွေကို ၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိရန်ပုံငွေတန်ဖိုးဟာ ဒေါ်လာ ၁ ဘီလီယံခန့် ရှိတယ်လို့ သိရပါတယ်။
ရိုက်တာသတင်းဌာနရဲ့ သတင်းရင်းမြစ်တွေအရ အမေရိကန်ပြည်ထောင်စု FBI နဲ့ လျှို့ဝှက်ထောက်လှမ်းရေးဌာနတို့ဟာလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး Binance နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ဒီသတင်းထွက်ပေါ်လာပြီးနောက် Bitcoin ဈေးနှုန်းဟာ ၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ခြောက်ပတ်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သောကြာနေ့မှာတော့ ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
အခြားခရစ်ပတိုငွေကြေးလဲလှယ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Coinbase နဲ့ Kraken တို့ကလည်း ဒီဖြစ်ရပ်ကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။ Coinbase က သူတို့ရဲ့ ခရစ်ပတိုငွေကြေးလျှို့ဝှက်သော့တွေ သိမ်းဆည်းတဲ့စနစ်ကို သတိထားပြီး ပြန်လည်စစ်ဆေးပြင်ဆင်ခဲ့သလို Kraken ကလည်း ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူနိုင်ဖို့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

