Language:

ကန့်ကွက်မှုတွေကြားက မန်ယူဂန္တဝင်ကစားသမားဟောင်းတွေ ရန်ကုန်ကို ရောက်ရှိလာ


ကန့်ကွက်မှုတွေကြားက မန်ယူဂန္တဝင်ကစားသမားဟောင်းတွေ ရန်ကုန်ကို ရောက်ရှိလာ

၃၁ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဖိုးစည်

ကမ္ဘာကျော် အဂ်လန် ပရီးမီးယားလိဂ် ကလပ် အသင်း တစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ကစားသမားဟောင်းတွေ မြန်မာနိုင်ငံကို လာမယ့် အစီအစဉ်က ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် မနေ့က အောက်တိုဘာ ၃၀ ရက်မှာ မန်ယူ ဂန္ဓဝင်ကစားသမား ၄ ဦး ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

“Legendary Players Meet & Greet in Yangon” အစီအစဉ်အရ အဲဒီကစားသမားတွေဟာ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ ၃ ရက်တာနေထိုင်သွားမှာ ဖြစ်ပြီး မန်ယူပရိသတ်တွေနဲ့ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။

ကန့်ကွက်မှုတွေကြောင့် မူလက လာရောက်ဖို့ စီစဉ်ထားတဲ့ ရိုင်ယန်ဂစ် (Ryan Giggs) နဲ့ ဒီမီတာ ဘာဘာတော့ဗ် (Dimitar Berbatov) တို့ကတော့ အစီအစဉ်ကနေ နှုတ်ထွက်သွားပြီး သူတို့အစား အန်တိုနီယို ဗလင်စီယာ (Antonio Valencia) နဲ့ ဖေဘီယို ဒါဆေးလ်ဗား (Fabio da Silva) တို့ လိုက်ပါလာတယ်လို့ လူမှုကွန်ရက်သတင်းတွေအရ သိရပါတယ်။

မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ အန်ဒါဆန် (Anderson)၊ ပက်ထရစ် အီဗရာ (Patrice Evra)၊ အန်တိုနီယို ဗလင်စီယာ (Antonio Valencia) နဲ့ ဖေဘီယို ဒါဆေးလ်ဗား (Fabioda Silva)တို့ဟာ မနေ့က အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ရန်ကုန်မြို့က Melia Hotel ကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့တာကိုလည်းတွေ့ရပါတယ်။

သူတို့ ၄ ဦးဟာ နိုဝင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှာရှိနေမှာဖြစ်ပြီး ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) မှာ မြန်မာအနုပညာရှင်တွေနဲ့ ဘောလုံးကစားသွားမယ့်အပြင်၊ မန်ယူပရိသတ်တွေနဲ့ တွေ့ဆုံတာ၊ သတင်းစာရှင်းလင်းပွဲကျင်းပတာတွေ လုပ်သွားမယ်လို့လည်း သိရပါတယ်။

#ကန့်ကွက်မှု

#မန်ယူဂန္တဝင်

#ကစားသမားဟောင်း

#ရန်ကုန်

ဆက်စပ်သတင်းများ

Eastern Thanlwin