၃၁ အောက်တိုဘာ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့၊ ရော့ပ်ဝီယန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းအား ငွေထုတ်ပေးနေတဲ့ ထိုင်းလင်မယား နှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်း ဖော်ပြချက်တွေအရ သိရပါတယ်။
ဖြစ်စဥ်မှာ အောက်တိုဘာ (၃၀)ရက် နံနက် (၁၁)နာရီအချိန်ခန့်က ချင်းရိုင်မြို့နယ်၊ ချင်းရိုင်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖစ်ဆာနုလော့ခရိုင်တရားရုံးမှ ဖမ်းဝရမ်းထုတ်ထားတဲ့ အသက် (၂၃) နှစ်အရွယ် အမျိုးသား တစ်ဦးနဲ့ အသက် (၂၁) နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ကို ချင်းရိုင်မြို့နယ်၊ ရော့ပ်ဝီယန်းရပ်ကွက်ရှိ အိမ်ငှားတစ်လုံးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့ လင်မယား နှစ်ဦးမှာ ချင်းရိုင်မြို့နယ်အတွင်းရှိ အိမ်တစ်လုံးမှာ လာရောက်ပုန်းအောင်းနေထိုင်တယ်လို့ သတင်းအရ ချင်းရိုင်ခရိုင်တရားရုံးထံမှ ရှာဖွေ ဝရမ်းထုတ်ယူပြီး အမှတ် ၉/၁၊ အမှတ် (၂၃)၊ ရော့ပ်ဝီယန်းရပ်ကွက်ရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဆက်လက်ပြီး နေအိမ်အတွင်းမှ သက်သေခံပစ္စည်းများအဖြစ် ထိုင်းဘတ်ငွေ ၉၃,၈၀၀၊ လက်ကိုင်ဖုန်း (၄)လုံးနဲ့ ထိုင်းဘဏ်များမှ ATM ကဒ် ၁၀ ကဒ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးနဲ့ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းများကို ချင်းရိုင်မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုင်းရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၈၃၊ ၃၄၁၊ ၃၄၃ နှင့် ၂၀၀၇ ခုနှစ် ကွန်ပျူတာဆိုင်ရာ ပြစ်မှု ဥပဒေ ပုဒ်မ ၁၄ (အပိုဒ် ၁) တို့အရ အမှုဖွင့်ထားတယ်လို့ ထုတ်ပြချက်က ဆိုပါတယ်။

