၃၀ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
IM
ထိုင်းစစ်တပ်ဟာ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်ဒေသမှာရှိတဲ့ တရားမဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၅ ရက်အထိ ၇ ရက်ကြာ ပိတ်ပင်လိုက်ပါတယ်။
ဒီအမိန့်ကို နရက်စွန်တပ်ဖွဲ့ တိုင်းမှူး ဗိုလ်ချုပ် ပရာဆန် ဟင်းပရာဆက်က အရေးပေါ်အမိန့်အဖြစ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီရကူလ်ကလည်း မြန်မာဘက်က ခေါင်းဆောင်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းကြားထားပြီးဖြစ်ကြောင်း ဒီနေ့ အောက်တိုဘာ ၃၀ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ မရှိဘူးဆိုရင် ထိုင်းနိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ လုံခြုံရေးအစီအမံတွေကို ပိုမိုတိုးမြှင့်သွားရမယ်လို့လည်း သတိပေးခဲ့ပါတယ်။
အခုလို နယ်စပ်လုံခြုံရေး တင်းကျပ်လာတာဟာ မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေးတပ်ဖွဲ့တွေကြား မြဝတီမြို့နယ် မင်းလပန်းဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဖြစ်ပါတယ်။
မနေ့ညပိုင်းကစပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့သလို မြန်မာစစ်တပ်ရဲ့ ဒရုန်းတွေကလည်း မင်းလပန်းရွာအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နေရာတွေကို ဒီနေ့မနက်အစောပိုင်းအထိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၇ နာရီအထိ မြေပြင်တိုက်ပွဲတွေ ခေတ္တငြိမ်သက်နေခဲ့ပေမဲ့ နှစ်ဖက်တပ်တွေဟာ အင်အားတွေ ထပ်မံစုဖွဲ့နေတယ်လို့ ယူဆရပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ဘက်မှာလည်း ရပ်ချ်မနုလုပ်ငန်းအဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၃၄၆ နဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေဟာ ညလုံးပေါက် စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး ကင်းလှည့်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ထိုင်းစစ်တပ်ကလည်း လက်နက်ကြီးတွေပါ နယ်စပ်တစ်လျှောက် ချထားပြီး ၂၄ နာရီ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနိုင်တာကြောင့် နယ်စပ်ကျေးရွာတွေက ဒေသခံတချို့ဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
ထိုင်းစစ်တပ်ရဲ့ ပိတ်ပင်မှုဟာ ပထမဆုံး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားရဲ့ တောင်ဘက် မဲဆောက်ဒေသအပြင် ဖို့ဖရခရိုင်ရဲ့ တချို့နေရာတွေမှာရှိတဲ့ တရားဝင်ခွင့်ပြုထားတဲ့ လမ်းကြောင်းတွေကလွဲပြီး ကျန်တဲ့ တရားမဝင် ဖြတ်သန်းသွားလာနိုင်တဲ့ လမ်းကြောင်းအားလုံးကို အကျုံးဝင်ပါတယ်။
ဒီလို ပိတ်ပင်ရတာဟာ တိုက်ပွဲမှာ ပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဆီ လက်နက်ခဲယမ်းနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ရောက်ရှိမသွားစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ဒါပေမဲ့ တရားဝင်နယ်စပ်ဖြတ်သန်းရေးလမ်းကြောင်းတွေကိုတော့ ပိတ်ထားတာ မရှိဘူးလို့ သိရပါတယ်။
လက်ရှိတိုက်ပွဲဟာ မြန်မာစစ်တပ်က ကရင်တော်လှန်ရေးတပ်ဖွဲ့တွေ အချိန်ကြာမြင့်စွာ ထိန်းချုပ်ထားတဲ့ မင်းလပန်းဒေသကို ပြန်လည်ရယူဖို့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
မနေ့ကလည်း တိုက်ပွဲအတွင်း အသုံးပြုတဲ့ လက်နက်ကြီးကျည်တချို့ ထိုင်းကျေးရွာတွေဘက်ကို ကျရောက်ခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့သလို ထိုင်းအမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနူတင်ဟာ ဒီနေ့မနက် ၆ နာရီခွဲမှာ ဒုန်းမောင်လေတပ်စခန်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
နယ်စပ်ဒေသမှာ နေထိုင်တဲ့ ထိုင်းပြည်သူတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့ တာ့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် မဲဆောက်အကောက်ခွန်ဌာနကိုလည်း လိုအပ်တဲ့ ညွှန်ကြားချက်တွေ ပေးပို့ထားပြီး ရပ်ချ်မနုလုပ်ငန်းအဖွဲ့က ခြေလျင်တပ်ရင်း ၁၄၃၁၊ ၁၄၁၃ အပါအဝင် အမြန်တုံ့ပြန်ရေးတပ်ဖွဲ့တွေနဲ့ ကင်းထောက်တပ်ဖွဲ့တွေကို နယ်စပ်မှာ ဖြန့်ကြက်ထားပါတယ်။ ညဘက်ကင်းလှည့်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ထိုင်းစစ်တပ်ဘက်ကတော့ နောက်ထပ် လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံပိုင်နက်အတွင်း ကျရောက်လာမယ်ဆိုရင် သတ်မှတ်ထားတဲ့ စစ်ဆင်ရေးစည်းမျဉ်းတွေနဲ့အညီ ပြန်လည်တုံ့ပြန်ဖို့ အသင့်ရှိနေကြောင်း ပြောဆိုထားပါတယ်။

