၃၀ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
NPW
ပလက်ဝ-ဇိုရမ်ပူရ်(၂)လမ်းသွား လမ်းဖောက်လုပ်တဲ့ စီမံကိန်းအတွက် တင်သွင်းထားတဲ့ မော်တော်ယာဉ် ၅ စီး အပေါ်ကျသင့်မယ့် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကို အောက်တိုဘာ ၃၀ ရက် ပြည်ထောင်စုလွှတ်တော်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့က တင်ပြခဲ့တာဖြစ်ပါတယ်။
လမ်းအရှည် ၆၇ မိုင်ကျော်ရှိပြီး စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၃ ဒသမ ၉၇ သန်းရှိတဲ့ ပလက်ဝ-ဇိုရမ်ပူရ် လမ်းစီမံကိန်းကို အိန္ဒိယနိုင်ငံရဲ့ အကူအညီ (Grant Aid) နဲ့ ၂၀၁၇ ခုနှစ်က ဇွန်လမှာ စတင်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ နယ်မြေအခြေအနေအရ စီမံကိန်းရပ်ဆိုင်းထားခဲ့ပါတယ်။
မော်တော်ယာဉ်တွေကို စီမံကိန်းကန်ထရိုက်တာ C & C Construction ကုမ္ပဏီကိုယ်စား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအမည်နဲ့ ပြန်လျော့အကောက်ခွန်စနစ်(Drawback)နဲ့ ၂၀၁၈ ခုနှစ်က တင်သွင်းခဲ့တာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောပါတယ်။
“၂၀၁၉ ခုနှစ်မှာ နယ်မြေအခြေအနေအရ စီမံကိန်းလုပ်ငန်းတွေ ရပ်တန့်ခဲ့ရလို့ ပြန်လျော့အကောက်ခွန်စနစ် (Drawback) ကနေ ပြည်တွင်းသုံးစွဲမှုစနစ်(Home Consumption)ကို ပြောင်းလဲဆောင်ရွက်ရတာဖြစ်ပါတယ် ” လို့ ဦးမျိုးမြင့်က ဆိုပါတယ်။
စီမံကိန်းအတွက် တင်သွင်းခဲ့တဲ့ စက်၊ ယာဉ်၊ ယန္တရားတွေအနက် မော်တော်ယာဉ် ၅ စီးကို ပြည်တွင်းသုံးစွဲမှု စနစ်သို့ ပြောင်းလဲဆောင်ရွက်တာမှာ ၂၀၂၆ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ ဇယားအမှတ်စဉ်(၁၃) အရ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်းပေးရမှာဖြစ်ပါတယ်။
ကား ၅ စီးမှာ MAHINDRA 4WD Scorpio(2011) ၁ စီး၊ MAHINDRA 4WD Scorpio(2018) ၂ စီး၊ MAHINDRA Bolero Camper(R. H.D)(2012) ၁ စီး၊ MAHINDRA Bolero Camper(R.H.D) (2011) ၁ စီး တို့ဖြစ်ပြီး အထူးကုန်စည်ခွန်ကင်း လွတ်ခွင့်ပြုဖို့ကို အစိုးရအဖွဲ့က ခွင့်ပြုထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။
#ပလက်ဝ-ဇိုရမ်ပူရ်

