Language:

အီရန်ကို ထပ်မံတိုက်ခိုက်ဖို့ ထရမ့်ထံ စစ်အစီအစဉ်တင်ပြ၊ အီရန်က ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု သတိပေး


အီရန်ကို ထပ်မံတိုက်ခိုက်ဖို့ ထရမ့်ထံ စစ်အစီအစဉ်တင်ပြ၊ အီရန်က ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု သတိပေး

၃၀ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

IM

အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံကို ထပ်မံတိုက်ခိုက်နိုင်ဖို့ စစ်ရေးအစီအစဉ်တွေကို သမ္မတ ဒေါ်နယ်ထရမ့်ထံ တင်ပြခဲ့တယ်လို့ ဝေါစထရိဂျာနယ်က ဖော်ပြပါတယ်။

ကြာသပတေးနေ့က အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီအစည်းအဝေးကို အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် တပ်မှူးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါးက ဦးဆောင်တင်ပြခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီး ပီတ်ဟက်ဆက်နဲ့ အမေရိကန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အခုလို စစ်ရေးအစီအစဉ်တွေ တင်ပြလာတာဟာ အမေရိကန်ဘက်က အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုတွေ ပြန်လည်စတင်ဖို့ စဉ်းစားနေချိန်မှာ ဖြစ်ပေါ်လာတာပါ။

တပ်မှူးချုပ် ဘရက်ကူးပါးအနေနဲ့ သမ္မတထရမ့်ကို ကိုယ်တိုင်လာရောက်ပြီး စစ်ရေးအစီအစဉ်တွေ တင်ပြတာဟာ ရှားပါးတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး နောက်ဆုံးအကြိမ်အဖြစ် ဇူလိုင်လမှာ တင်ပြခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဗုဒ္ဓဟူးနေ့ကလည်း အမေရိကန်စစ်ဘက်အရာရှိတွေဟာ ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ ပင်လယ်ကွေ့ဒေသက မဟာမိတ်နိုင်ငံတွေကိုလည်း နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ အချိန်တိုတောင်းပေမဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်လာနိုင်ကြောင်း ကြိုတင်သတိပေးထားပါတယ်။

သမ္မတထရမ့်ကလည်း ပြီးခဲ့တဲ့အပတ်က လူထုတွေ့ဆုံပွဲတစ်ခုမှာ အရင်က ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးထက် ပိုမိုသေးငယ်တဲ့ စစ်ဆင်ရေးတစ်ခု ထပ်မံဖြစ်လာနိုင်ကြောင်း ပြောဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲ ပင်တဂွန်စစ်ဌာနချုပ်ဟာ အရှေ့အလယ်ပိုင်းဒေသဆီ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံပို့ဆောင်နေပါတယ်။ အစ္စရေးနိုင်ငံကိုလည်း ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးတပ်ရင်းတစ်ရင်း ထပ်မံပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အမေရိကန်ဘက်က စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေချိန်မှာ အီရန်ကလည်း ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်က အီရန်ကို ထပ်မံတိုက်ခိုက်လာမယ်ဆိုရင် ပင်လယ်ကွေ့ဒေသအတွင်းရှိ အမေရိကန်ပစ်မှတ်တွေကို ရှည်ကြာပြီး နာကျင်စေမယ့် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်သွားမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် အကြီးတန်းအရာရှိတစ်ဦးက ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

အီရန်လေတပ် တိုင်းမှူး မာဂျစ်မူစာဝီကလည်း အမေရိကန်စစ်သင်္ဘောတွေကို အလားတူ တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် အီရန်ဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟိုရ်မွတ်ရေလက်ကြားကို ဆက်လက်ပိတ်ထားပါတယ်။

ဒီရေလက်ကြား ပိတ်ထားမှုကြောင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းဝန်းကျင်အပေါ် သက်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ဟိုရ်မွတ်ရေလက်ကြား ပိတ်ထားတာဟာ နိုင်ငံတကာဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့ ကြာသပတေးနေ့ညမှာ ပြောဆိုထားပါတယ်။

အလားတူ အီရန်နိုင်ငံ မြို့တော် တီဟီရန်မှာလည်း ကြာသပတေးနေ့ညပိုင်းက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ လှုပ်ရှားလုပ်ဆောင်နေတဲ့ အသံတွေကို ကြားခဲ့ရတယ်လို့ အီရန်သတင်းဌာနတွေက ဖော်ပြပါတယ်။

အမေရိကန်ပြည်တွင်းမှာလည်း စစ်ရေးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံရေးအငြင်းပွားမှုတွေ ရှိနေပါတယ်။

ဒီနေ့ သောကြာနေ့ဟာ အမေရိကန်ကွန်ဂရက်လွှတ်တော်အနေနဲ့ စစ်ပွဲအပေါ် ခွင့်ပြုချက်ပေးရမယ့် နောက်ဆုံးရက်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ကွန်ဂရက်က ခွင့်ပြုချက်မပေးဘူးဆိုရင် ၁၉၇၃ ခုနှစ် စစ်အင်အားအသုံးပြုမှုဆိုင်ရာ ဥပဒေအရ အမေရိကန်အစိုးရဟာ စစ်ဆင်ရေးတွေကို သိသိသာသာ လျှော့ချရမှာဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးကတော့ ပြီးခဲ့တဲ့ ဧပြီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကြောင့် ရန်လိုမှုတွေ ရပ်ဆိုင်းခဲ့ပြီးဖြစ်တာကြောင့် ဥပဒေအရ သတ်မှတ်ထားတဲ့ ရက်ပေါင်း ၆၀ ကာလကို ပြန်လည်စတင်ရမယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်ဒီမိုကရက် အထက်လွှတ်တော်အမတ် ခရစ်မာဖီကတော့ အီရန်အပေါ် စစ်ရေးတိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ အစီအစဉ်တွေကို ရူးသွပ်တဲ့အစီအစဉ်တွေအဖြစ် ဝေဖန်ခဲ့ပါတယ်။

အခြားအထက်လွှတ်တော်အမတ် ရစ်ချတ်ဘလူးမန်သဲလ်ကလည်း အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုတစ်ခု မကြာမီ ဖြစ်လာနိုင်ခြေ မြင့်မားနေတယ်လို့ CNN သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု သမ္မတရဲ့ အကြံပေး အန်ဝါဂါးဂက်ရှ်ကလည်း အီရန်ရဲ့ တစ်ဖက်သတ်ဆောင်ရွက်မှုတွေကို ယုံကြည်လို့မရကြောင်း ဒီနေ့မှာ ပြောဆိုထားပါတယ်။

လက်ရှိအခြေအနေမှာတော့ အမေရိကန်ဘက်က စစ်ရေးအစီအစဉ်တွေ ပြင်ဆင်နေသလို အီရန်ဘက်ကလည်း လက်တုံ့ပြန်မယ်လို့ သတိပေးထားတာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။

#အမေရိကန်

#စစ်ရေး

#အီရန်

#နိုင်ငံရေး

ဆက်စပ်သတင်းများ

Eastern Thanlwin