Language:

ပါလျံ(၁)ရပ်ကွက် ဂက်စ်မီးဖိုအရောင်းဆိုင် ဖောက်ထွင်းခိုးယူခဲ့သူ နှစ်ဦးအနက် တစ်ဦး ဖမ်းဆီးရမိ


ပါလျံ(၁)ရပ်ကွက် ဂက်စ်မီးဖိုအရောင်းဆိုင် ဖောက်ထွင်းခိုးယူခဲ့သူ နှစ်ဦးအနက် တစ်ဦး ဖမ်းဆီးရမိ

၃၀ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ဂက်စ်နှင့် ဂက်စ်မီးဖို အရောင်းဆိုင်ကို ဖောက်ထွင်းခိုးယူခဲ့တဲ့ အမျိုးသား နှစ်ဦးအနက် တစ်ဦးအား သက်သေခံပစ္စည်းအချို့နဲ့ အောက်တိုဘာ ၃၀ ရက်မှာ ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၂၁ ရက်၊ နံနက် ၁ နာရီခွဲအချိန်ခန့်က ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရပ်ကွက်ရှိ ရွှေစံအိမ် ဂက်စ်နှင့် ဂက်စ်မီးဖိုအရောင်းဆိုင်ရဲ့ ပြတင်းပေါက်ကို ဖွင့်ပြီး ဆိုင်အတွင်း ဝင်ရောက်ခိုးယူခဲ့တာပါ။

ခိုးယူသွားတဲ့ ပစ္စည်းတွေထဲမှာ ဂက်စ်မီးဖိုပါ ဗူး ၃ ဗူး၊ ဂက်စ်မီးဖိုဂွေ ၁ ခု၊ ကွန်ပျူတာမော်နီတာ ၁ လုံး၊ ကွန်ပျူတာ System Box ၁ လုံး၊ ဖုန်း ၁ လုံးနဲ့ စုဗူး ၁ ဗူးတို့ ပါဝင်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၀ ရက်၊ နံနက် ၁၀ နာရီခွဲကျော်မှာတော့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက ရန်အောင်မြင်ရပ်ကွက်၊ ပါလျှံ(၂)ရပ်၊ နောင်ခမ်းဘုန်းကြီးကျောင်းလမ်းပေါ်မှာ သူရအောင်(ခ)အောင်အောင်ကို တွေ့ရှိခဲ့တာပါ။

၎င်းကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ယူဆောင်ထားတဲ့ ဂက်စ်မီးဖိုပါ ဗူး ၃ ဗူးနဲ့ ဂက်စ်မီးဖိုဂွေ ၁ ခုတို့ကို နေအိမ်အတွင်း အိပ်ရာစင်အောက်မှာ ပြန်လည်တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့တာလို့ သိရပါတယ်။

ကျန်ရှိတဲ့ ကွန်ပျူတာမော်နီတာ၊ System Box၊ ဖုန်းနဲ့ စုဗူးတို့ကိုတော့ လင်းထက်ကျော်(ခ)ရဲသွေးက ယူဆောင်သွားတယ်လို့ သူရအောင်(ခ)အောင်အောင်က ထွက်ဆိုခဲ့ပြီး လင်းထက်ကျော်(ခ)ရဲသွေးရဲ့ နေအိမ်ကို သွားရောက် ဖမ်းဆီးခဲ့သော်လည်း ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ သက်ဆိုင်ရာတာဝန်ရှိသူတွေက သက်‌သေခံ ပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိတဲ့ သူရအောင်(ခ)အောင်အောင်ကို မှုဖွင့်အရေးယူမှာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ လင်းထက်ကျော်(ခ)ရဲသွေးကိုတော့ ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

#ပါလျံ(၁)ရပ်ကွက်

#ဂက်စ်မီးဖိုအရောင်းဆိုင်

#ဖောက်ထွင်းခိုးယူသူ

ဆက်စပ်သတင်းများ

Eastern Thanlwin