၃၀ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ကမ္ဘာ့နိုင်ငံအချို့မှာ သဘာဝဘေးအန္တရာယ်၊ စစ်ရေးတင်းမာမှုများနဲ့ အရေးပေါ်အခြေအနေတွေကြောင့် နေ့စဉ်အသုံးပြုနေရတဲ့ အခြေခံဝန်ဆောင်မှုတွေ ပြတ်တောက်လာနိုင်တာကြောင့် စားနပ်ရိက္ခာ၊ သောက်ရေနဲ့ အခြေခံအသုံးအဆောင်ပစ္စည်းများ ကြိုတင်စုဆောင်းပြင်ဆင်ထားရန် တိုက်တွန်းမှုများ ရှိလာတယ်လို့ သိရပါတယ်။
အာရှနိုင်ငံဖြစ်တဲ့ ဂျပန်အပါအဝင် ဥရောပနိုင်ငံများနဲ့ အမေရိကန်တို့မှာလည်း အရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်လာပါက အစိုးရရဲ့ ကယ်ဆယ်ရေးအကူအညီများ မရောက်ရှိမှီ အိမ်ထောင်စုများအနေဖြင့် ကိုယ်တိုင်ရပ်တည်နိုင်ရန် အနည်းဆုံး (၇၂) နာရီစာမှ (၇) ရက်အထိ အစားအစာနှင့် သောက်ရေများ ကြိုတင်ပြင်ဆင်ထားရေးကို အလေးထားလာကြတာဖြစ်ပါတယ်။
အဆိုပါကြိုတင်ပြင်ဆင်မှုတွေက ရေသန့်ဘူးများ၊ ရေရှည်ထားသိုနိုင်တဲ့ စားသောက်ကုန်များ၊ ဆေးဝါးများ၊ ဓာတ်မီး၊ ဘက်ထရီနဲ့ အခြားအရေးပေါ်အသုံးအဆောင်ပစ္စည်းများ ပါဝင်ပြီး လျှပ်စစ်မီး၊ ရေ၊ ဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှုများ ယာယီပြတ်တောက်တဲ့အခါ အခက်အခဲ မဖြစ်စေရန် ရည်ရွယ်တယ်လို့ သိရပါတယ်။
အထူးသဖြင့် မုန်တိုင်း၊ ရေကြီးမှု၊ ငလျင်နဲ့ တောမီးလောင်မှုစတဲ့ သဘာဝဘေးအန္တရာယ်များအပြင် စစ်ရေးပဋိပက္ခနဲ့ နည်းပညာဆိုင်ရာတိုက်ခိုက်မှုများကြောင့်လည်း နေ့စဉ်အသုံးပြုနေရတဲ့ ဝန်ဆောင်မှုလုပ်ငန်းများ ရပ်တန့်သွားနိုင်တာလို့ ဆိုပါတယ်။
ထိုကဲ့သို့ အရေးပေါ်အခြေအနေများကို ကြိုတင်တွက်ဆပြင်ဆင်ထားရေးက နိုင်ငံတကာမှာ အရေးပါလာတဲ့ အကြောင်းအရာတစ်ခုဖြစ်လာနေပါတယ်။
နိုင်ငံအချို့ရဲ့ ယခုလို တိုက်တွန်းမှုတွေက ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေတာမျိုး မဟုတ်ဘဲ အရေးပေါ်အခြေအနေတွေဖြစ်ပေါ်လာတဲ့ အခါ မိမိတို့အိမ်ထောင်စုအလိုက် အခြေခံလိုအပ်ချက်များကို ယာယီဖြည့်ဆည်းနိုင်စေရန်နဲ့ ကယ်ဆယ်ရေးအဖွဲ့များက အကူအညီပိုမိုလိုအပ်သူများကို ဦးစားပေးဆောင်ရွက်နိုင်စေရန် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ အရေးပေါ်အခြေအနေများအတွက် အိမ်ထောင်စုအဆင့် ကြိုတင်ပြင်ဆင်မှုများကို ပိုမိုအလေးထားလာကြပြီး လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်များကို ကြိုတင်စုဆောင်းထားရန် တိုက်တွန်းမှုတွေလည်းရှိလာခဲ့တာဖြစ်ပါတယ်။

