၃၀ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
NPW
အောက်တိုဘာလအတွက် ဒီဇယ်ဆီ HSD(500 ppm)နဲ့ သဘာဝဓါတ်ငွေ့ရည်(LNG)အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် တစ်လ ထပ်တိုးခွင့်ပြုဖို့ အောက်တိုဘာ ၃၀ ရက် ပြည်ထောင်စု လွှတ်တော်မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က တင်ပြလိုက်ပါတယ်။
အစိုးရအနေနဲ့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခအခြေအနေ၊ ကမ္ဘာ့လောင်စာဆီဈေးနှုန်း အတက်အကျ အခြေအနေ၊ ပြည်တွင်း ဒီဇယ်ဆီနဲ့ သဘာဝဓါတ်ငွေ့ရည် ဈေးနှုန်းအခြေအနေ၊ အခြေခံစားသောက်ကုန်စည် ဈေးနှုန်းအခြေအနေ၊ နိုင်ငံရဲ့ ဘဏ္ဍာငွေလိုအပ်ချက်နဲ့ အခွန်အကောက်ရရှိငွေအခြေအနေတို့ကို သုံးသပ်ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
ထို့ကြောင့် ဒီဇယ်ဆီအပေါ် အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်၊ သဘာဝဓါတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန်တို့ကို အောက်တိုဘာလအတွက် တစ်လ ထပ်မံတိုးမြှင့် ကင်းလွတ်ခွင့်ပြုဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“ဒါကြောင့် ဒီဇယ်ဆီအပေါ် အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်နဲ့ သဘာဝဓါတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်တို့ကို အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက် အထိ တစ်လ ထပ်မံတိုးမြှင့်ခွင့်ပြုပေးဖို့ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ရယူပေးဖို့ တင်ပြပါတယ်။ ” လို့ ဒုတိယဝန်ကြီး ဦးကျော်ထင်က ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
အစိုးရအနေနဲ့ စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍတွေမှာ အဓိကအများဆုံးအသုံးပြုတဲ့ ဒီဇယ်ဆီ အပေါ်ကောက်ခံတဲ့ အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုဖို့ကို ၂၀၂၆ ခုနှစ် ဧပြီကစတင်ပြီးလည်းကောင်း၊ သဘာဝဓါတ်ငွေ့ရည်အပေါ်ကောက်ခံတဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုဖို့ မေလကစတင်ပြီးလည်းကောင်း ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ခွင့်ပြုချက်တောင်းခံလာခဲ့တာဖြစ်ပါတယ်။
အခုလို အခွန်ကင်းလွတ်ခွင့်ပြုခဲ့တဲ့အတွက် လယ်ယာကဏ္ဍ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍနဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ လုပ်ငန်းတွေက အဓိကသွင်းအားစုတွေရဲ့ ကုန်ကျစရိတ်ကို လျော့ချပေးနိုင်ခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။
အခြေခံစား သောက်ကုန်ဈေးနှုန်းနဲ့ ကုန်စည်ဈေးနှုန်းတွေ ထိန်းညှိနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနေတယ်လို့ အစိုးရ အဖွဲ့က ဆိုပေမယ့် လက်တွေ့မြေပြင်မှာ အဓိက ဦးထည်ထားတဲ့ အုပ်စုအနေနဲ့ အခွန်ကင်းလွတ်ခွင့်ရဲ့ အကျိုးကို ခံစားမနေရ ဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
“ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ တကယ့်ကို ဦးတည်ထားတဲ့ အုပ်စုတွေကို အခွန်လျော့ပေးတာမျိုးဖြစ်ဖို့ ရည်ရွယ်ချင်ပါတယ်။ ဥပမာ ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း နောက် တောင်သူလယ်သမားတွေ စက်သုံးဆီ ဝယ်ယူရရှိရေး ဒါတွေကို အစိုးရက အခွန်လျော့တဲ့ စနစ်နဲ့ တိုက်ရိုက်ဝယ်ယူခွင့်ရအောင် ဆောင်ရွက် ပေးစေချင်ပါတယ်။ ” လို့ တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက ပြောပါတယ်။
၂၀၂၆ ခုနှစ် ဧပြီကနေ စက်တင်ဘာထိ ဒီဇယ်ဆီကို အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်တို့ ကင်းလွတ်ခွင့်ပြုခဲ့တဲ့ ပမာဏအနေနဲ့ ကျပ် ၁၆၅ ဘီလီယံခန့်နဲ့ သဘာဝဓါတ်ငွေ့ရည်တို့အပေါ် မေလကနေ စက်တင်ဘာအထိ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခဲ့တဲ့ ပမာဏအနေနဲ့ ကျပ် ၁၅ ဘီလီယံခန့် ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဧပြီကနေ စက်တင်ဘာထိ ဒီဇယ်ဆီနဲ့ သဘာဝဓါတ်ငွေ့ရည်အပေါ် စုစုပေါင်း အခွန်ကင်းလွတ်ခွင့်ပြုခဲ့တဲ့ ပမာဏအနေနဲ့ ကျပ် ၁၈၀ ဘီလီယံ ခန့်ရှိပြီဖြစ်ပါတယ်။

