၃၀ အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ဖန်မြို့နယ်ရှိ ပူကဲင်မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်မှာ မြန်မာနိုင်ငံသားတစ်ဦး မောင်းနှင်လာတဲ့ ယာဉ်ပေါ်ကနေ (၃၁၅ ဒသမ ၈) ကီလိုဂရမ်ရှိ အိုက်စ်မူးယစ်ဆေးဝါး အများအပြားကို အောက်တိုဘာလ (၂၈) ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းရိုင်ခရိုင်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဥ်မှာ အောက်တိုဘာလ (၂၈)ရက်၊ နံနက် (၁) နာရီခွဲခန့်အချိန်က ဖန်မြို့နယ်၊ ပူကဲင်မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်မှ ထိုင်းတာဝန်ရှိသူများက တရားမဝင်ပစ္စည်းများ သယ်ဆောင်လာတဲ့ သံသယဖြစ်ဖွယ် မော်တော်ယာဥ်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မြန်မာနိုင်ငံသား အသက် (၃၃) နှစ်အရွယ် ဇော်ရဲမင်းထွန်း မောင်းနှင်းလာတဲ့ ယာဥ်ကို စစ်ဆေးရာ ကားအတွင်းမှ အိုက်စ်မူးယစ်ဆေးဝါး (၂၈၅) ထုပ်၊ အိတ် (၉) အိတ်၊ စုစုပေါင်းအလေးချိန် (၃၁၅ ဒသမ ၈) ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ဇော်ရဲမင်းထွန်းနဲ့အတူ မူးယစ်ဆေးဝါးများနှင့် သက်သေခံပစ္စည်းများကို ဖန်မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်ထားပါတယ်။

