Language:

တာချီလိတ်မှာ သတ္တုတူးဖော်ခွင့်ရ ကုမ္ပဏီ ၂၀ ခန့်က ခဲနှင့် မန်းဂနိစ်သတ္တုများ ထိုင်းနိုင်ငံသို့ တင်ပို့နေ


တာချီလိတ်မှာ သတ္တုတူးဖော်ခွင့်ရ ကုမ္ပဏီ ၂၀ ခန့်က ခဲနှင့် မန်းဂနိစ်သတ္တုများ ထိုင်းနိုင်ငံသို့ တင်ပို့နေ

၂၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်အတွင်းမှာ မြန်မာအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ သတ္တုတူးဖော်နေတဲ့ ကုမ္ပဏီ အနည်းဆုံး ၂၀ ခုရှိပြီး တူးဖော်ရရှိတဲ့ ခဲသတ္တုနဲ့ မန်းဂနိစ်သတ္တုတွေကို ထိုင်းနိုင်ငံဘက်သို့ အများအပြား တင်ပို့နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တာချီလိတ်ဒေသမှာ ရွှေသတ္တုတွင်း ကုမ္ပဏီ ၁၂ ခု၊ မန်းဂနိစ်သတ္တုတွင်း ကုမ္ပဏီ ၆ ခုနဲ့ ခဲသတ္တုတွင်း ကုမ္ပဏီ ၂ ခုရှိကြောင်း မယ်ဖားလုံတက္ကသိုလ်၊ လူမှုဆန်းသစ်တီထွင်မှုဌာန၊ နိုင်ငံတကာဖွံ့ဖြိုးရေးဘာသာရပ်မှ ကထိက ဒေါက်တာ စွပ်ဆကွန် ကစ်နုကွန်က ပြောပါတယ်။

ဒါ့အပြင် မယ်ဆိုင်နဲ့ ချင်းဆဲန် အကောက်ခွန်စခန်းတွေကနေတစ်ဆင့် သတ္တုတွေ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေတဲ့ ပမာဏတွေကိုလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

မယ်ဆိုင်အကောက်ခွန်စခန်းရဲ့ စာရင်းတွေအရ ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ခဲသတ္တု တန်ချိန် ၈,၁၈၀.၈၉ တန် တင်သွင်းခဲ့ပြီး ၂၀၂၅ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၃,၆၀၆.၈၉ တန်အထိ ရှိခဲ့ပါတယ်။ ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ခဲသတ္တု တန်ချိန် ၇,၁၇၆.၀၉ တန် တင်သွင်းခဲ့ပါတယ်။

မန်းဂနိစ်သတ္တု တင်သွင်းမှုကတော့ ၂၀၂၄ ဘဏ္ဍာနှစ်မှာ တန်ချိန် ၃၂,၅၅၂.၁၇ တန်ရှိခဲ့ပြီး ၂၀၂၅ ဘဏ္ဍာနှစ်မှာ တန်ချိန် ၇၁၁.၅၂ တန်အထိ ကျဆင်းခဲ့ပါတယ်။ ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ တန်ချိန် ၃,၇၃၇.၈၉ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း မဲခေါင်မြစ်ဝှမ်းရှိ ချင်းဆဲန်အကောက်ခွန်စခန်းကနေ ဆီလီကွန်မန်းဂနိစ်သတ္တုနဲ့ အန်တီမိုနီသတ္တုတွေကို တင်သွင်းနေပါတယ်။

ချင်းဆဲန်အကောက်ခွန်စခန်းရဲ့ စာရင်းတွေအရ ဆီလီကွန်မန်းဂနိစ်သတ္တု တင်သွင်းမှုဟာ ၂၀၂၄ ဘဏ္ဍာနှစ်မှာ တန်ချိန် ၄,၅၄၆ တန်၊ ၂၀၂၅ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂,၈၀၀ တန်နဲ့ ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ တန်ချိန် ၄,၃၀၇ တန် ရှိခဲ့ပါတယ်။

အန်တီမိုနီသတ္တု တင်သွင်းမှုကတော့ ၂၀၂၄ ဘဏ္ဍာနှစ်မှာ တန်ချိန် ၄,၁၆၄.၉၄ တန်ရှိခဲ့ပေမယ့် ၂၀၂၅ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂၀၁.၅၃ တန်နဲ့ ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ တန်ချိန် ၈၄.၄၇ တန်သာ ရှိခဲ့ပါတယ်။

အခုလို သတ္တုတူးဖော်မှုနဲ့ ကုန်သွယ်မှုတွေ ရှိနေချိန်မှာ တာချီလိတ်နဲ့ မယ်ဆိုင်ကြားရှိ မယ်ဆိုင်ချောင်းနဲ့ မယ်ယန်းချောင်းတို့မှာ အာဆင်းနစ်နဲ့ ခဲအပါအဝင် အဆိပ်သင့်သတ္တုတွေ စံချိန်စံညွှန်းထက် ကျော်လွန်ပြီး ရေထုညစ်ညမ်းမှု ဖြစ်ပွားနေတဲ့ ပြဿနာလည်း ဆက်လက်ရှိနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

သို့သော် သတ္တုတူးဖော်မှုနဲ့ မြစ်ရေညစ်ညမ်းမှုတို့အကြား တိုက်ရိုက်ဆက်စပ်မှု ရှိ/ မရှိကိုတော့ သီးခြားစုံစမ်းစစ်ဆေးမှုနဲ့ သိပ္ပံနည်းကျ အထောက်အထားတွေဖြင့် အတည်ပြုဖို့ လိုအပ်နေတယ်လို့ ထိုင်းသတင်းက ထုတ်ပြန်ထားပါတယ်။

#သတ္တုတူးဖေါ်ရေး

#အကောက်ခွန်

#တန်ချိန်

#ထိုင်းနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin