၂၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့က အမှတ် (၁) နယ်စပ်ဂိတ်မှာ အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်က ထိုင်းဘတ်ငွေ ၃၅ သိန်းကျော်ကို တာဝန်ရှိသူတွေထံ အသိပေးကြေညာတာမရှိဘဲ သယ်ဆောင်လာတဲ့ မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။
မယ်ဆိုင်အကောက်ခွန်ဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ထိုင်းစစ်တပ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်းပြီး တာချီလိတ်ဘက်ကနေ ဝင်လာတဲ့ အနီရောင်နဲ့ အဖြူရောင် မော်တော်ဆိုင်ကယ်တစ်စီးကို စစ်ဆေးခဲ့ကြပါတယ်။
စစ်ဆေးမှုအတွင်း အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးရဲ့ ဆိုင်ကယ်ထိုင်ခုံအောက်မှာ ဝှက်ထားတဲ့ အနီရောင်ပလတ်စတစ်အိတ်တစ်အိတ်ကို တွေ့ရှိခဲ့ပြီး အဲဒီအိတ်ထဲမှာ ဘတ် ၁,၀၀၀ တန် ငွေစက္ကူ ၃,၁၀၀ ရွက် ပါရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် သူလွယ်ထားတဲ့ အဖြူရောင်ဘေးလွယ်အိတ်ထဲမှာလည်း ဘတ် ၁,၀၀၀ တန် ၄၆၀ ရွက်၊ ဘတ် ၅၀၀ တန် ၇ ရွက်၊ ဘတ် ၁၀၀ တန် ၆၁ ရွက်နဲ့ ဘတ် ၂၀ တန် ၁၃၂ ရွက်ကို ထပ်မံတွေ့ရှိခဲ့ပါတယ်။
တွေ့ရှိခဲ့တဲ့ ငွေသားအားလုံးရဲ့ တန်ဖိုးဟာ ဘတ် ၃,၅၇၂,၂၄၀၊ မြန်မာလိုဆိုရင် ဘတ် ၃၅ သိန်းကျော်ရှိတယ်လို့ ထိုင်းသတင်းဖော်ပြချက်မှာ ပါရှိပါတယ်။
ဖမ်းဆီးခံရသူဟာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ကိုင်ဆောင်ထားသူဖြစ်ပြီး အခုလို ငွေသားတွေကို အသိပေးကြေညာခြင်းမရှိဘဲ သယ်ဆောင်လာမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံရဲ့ အကောက်ခွန်ဥပဒေနဲ့ ငွေလဲလှယ်မှု ထိန်းချုပ်ရေးဥပဒေတွေအရ အရေးယူနိုင်ဖို့ မယ်ဆိုင်ရဲစခန်းကို လွှဲပြောင်းပေးထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

