၂၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြေးဆွဲနေတဲ့ ခရီးသည်တင် Express ကားတွေအနေနဲ့ ခရီးသည်တွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကလွဲပြီး အခြားကုန်ပစ္စည်းတွေ တင်ဆောင်တာမျိုး မလုပ်ကြဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။
သတ်မှတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး ကုန်ပစ္စည်းတွေ တင်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရင် အမြန်လမ်းမကြီးများဥပဒေအရ အရေးယူသွားမှာဖြစ်သလို အမြန်လမ်းအသုံးပြုခွင့်ကိုပါ ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။
အခုလို ကန့်သတ်ထားတာဟာ ကုန်ပစ္စည်းတွေ ထပ်မံတင်ဆောင်တာကြောင့် ယာဉ်ရဲ့အလေးချိန် ပိုများလာပြီး တာယာပေါက်တာ၊ ဘရိတ်မမိတာနဲ့ ယာဉ်တိမ်းမှောက်တာလို မတော်တဆမှုတွေ ဖြစ်ပွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။
ဒါ့အပြင် Express ကားတွေအနေနဲ့ ကညနက သတ်မှတ်ထားတဲ့ ခရီးသည်ဦးရေအတိုင်းသာ တင်ဆောင်ဖို့နဲ့ ခရီးစဉ်မထွက်ခင် တာယာ၊ ဘရိတ်နဲ့ ယာဉ်အောက်ပိုင်းစနစ်တွေကို ပုံမှန်စစ်ဆေးထားဖို့လည်း အသိပေးထားပါတယ်။
အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားနေတဲ့အခြေအနေကို ကြည့်မယ်ဆိုရင်လည်း ယခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လကုန်အထိ ယာဉ်မတော်တဆမှု ၅၂ မှု ဖြစ်ပွားခဲ့ပြီး လူ ၃၂ ဦး သေဆုံးကာ ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် အမြန်လမ်းပေါ် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေအနေနဲ့ သတ်မှတ်စည်းကမ်းတွေကို လိုက်နာဖို့နဲ့ ယာဉ်ကြံ့ခိုင်မှုကို အလေးထားစစ်ဆေးပြီး မတော်တဆမှုတွေ မဖြစ်ပွားအောင် ဂရုစိုက်ကြဖို့ လိုအပ်နေပါတယ်။

