၃၁ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)
ဗကြီး
ပတ္တယားက ရုရှားမောင်နှစ်မနှစ်ဦး ပျောက်ဆုံးမှုနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ရတဲ့ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးဖို့ကြိုးပမ်းရာမှာ ဘန်လာမွန်ဒေသရှိ နေအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့က ဇူလိုင် (၂၉)ရက်က စီးနင်းခဲ့ပေမယ့် သံသယရှိသူတွေ ထွက်ပြေးသွားပြီဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ချက်တာအန်လမ်းဆုံအနီး သွမ်လူအန်ဒေသရှိ သင်္ချိုင်းဟောင်းအား အင်အားအလုံးအရင်းနဲ့ စီးနင်းရှာဖွေရာမှာ ကယ်ဆယ်ရေးလုပ်သားများ၊ ဒေသဆိုင်ရာအရာရှိများ၊ ရဲဝန်ထမ်းများ (၂၀၀)ကျော်အထိ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ရုရှားမောင်နှမ ငှားရမ်းစီးနင်းသွားတဲ့ အနက်ရောင်နဲ့ မီးခိုးရောင် Honda ADV150 အမျိုးအစားဆိုင်ကယ်အား တစ်စစီဖြုတ်ပြီး နေရာနေရာမှာ မြေမြှုပ်ထားတဲ့ ဒေသအနီး စီးနင်း ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အသက် (၁၇)နှစ်အရွယ် ရိုမန်နာဇီမိုဗာနဲ့ သူ့ရဲ့ အစ်မဖြစ်သူ ဒီယာနာ နာဇီမိုဘာ (၂၂)နှစ်တို့ ငှားပြီးစီးသွားတဲ့ ဆိုင်ကယ်ကို အထက်ပါအတိုင်း တစ်စစီဖြုတ်ပြီး မြေမြှုပ်ထားတာတွေ့ခဲ့ပေမယ့် သူတို့ရဲ့ ကံကြမ္မာနဲ့ပတ်သက်လို့ မသိရသေးပါ။
ဆိုင်ကယ်ဘီးတွေနဲ့ လက်ကိုင်တွေကအစ အစိတ်အပိုင်းအားလုံးကို အရာရှိတွေက တူးဖော်တွေ့ရှိထားပြီး ဖြစ်ပါတယ်။
သူတို့ မောင်နှမနှစ်ယောက်ဟာ ပတ္တယားရှိ သူတို့နေထိုင်ရာ အိမ်ကနေ ဇူလိုင် (၂၆)ရက် နံနက် (၄)နာရီက ထွက်သွားပြီးနောက် နောက်ထပ် လုံးဝတွေ့မြင်ရတာ မရှိတော့ပါဘူး။
စုံစမ်းစစ်ဆေးမှုအတွင်း ပါဝင်ခဲ့သူတစ်ဦးလည်း နောက်ထပ် သံသယရှိသူတွေထဲ ပါဝင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။
ဆိုင်ကယ်အစိတ်အပိုင်းတွေ မြှုပ်ထားတဲ့ နေရာနဲ့ မီတာ (၅၀၀) အကွာလောက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက သေနတ်ပစ်သံတွေ အများကြီးကြားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောထား ပါတယ်။
လောလောဆယ် ထိုင်းရဲတပ်ဖွဲ့ဟာ အဆိုပါမောင်နှမနှစ်ယောက်ကို ရှာဖွေတွေ့ရှိရေး အပူတပြင်း ကြိုးပမ်းနေရပါတယ်။

