၃၀ ဇူလိုင် ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
တာချီလိတ်မြို့မှာ ယာဉ်မောင်းလိုင်စင်ကို ပွဲစားများမှတစ်ဆင့် ဆောင်ရွက်နေပြီး ငွေပိုပေးနေရတဲ့အတွက် သင်/မောင်း လိုင်စင်ကို ရုံးမှာ လူကိုယ်တိုင်လာလုပ်ရန် တာချီလိတ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
သင်/မောင်းလိုင်စင် ကိုယ်တိုင်ပြုလုပ်ရာတွင် ကုန်ကျစရိတ်အနေနဲ့ အာမခံရုံးမှာ ကျပ်(၅၀၀၀) ပေးသွင်းပြီး ကညန ရုံးမှာ ကျပ်(၁,၀၀၀၀) ခန့်အဖြစ် ကုန်ကျမှာဖြစ်ပေမယ့် ဒေသခံအများစုက အချိန်မပေးနိုင်တဲ့အတွက် ပွဲစားများမှတစ်ဆင့် ငွေပိုပေးပြီး ယာဥ်မောင်းလိုင်စင်များ ပြုလုပ်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။
“ကျွန်တော်ကတော့ ကိုယ်တိုင်လာလုပ်စေချင်တယ်။ ဟိုပွဲစားခိုင်း ဒီပွဲစားခိုင်းနဲ့ဆိုရင် တော်တော်လေးကို ကုန်ကျစရိတ်များတယ်ဗျာ။ အဆင့်ဆင့်တွေ သူတို့ကတောင်းကြလို့ ပိုက်ဆံတွေ ပိုကုန်တယ်။ ကိုယ်တိုင်လာလုပ်တော့ ဘာမှမကုန်ဘူး သောင်းဂဏန်းလေးနဲ့ပြတ်သွားမှာ အာမခံတောင်ပါသေးတယ်လို့” တာချီလိတ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်းကြားရေးမှူး ဦးထွန်းထွန်းဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။
တာချီလိတ်မြို့မှာ ဒေသခံပြည်သူများက အချိန်မပေးနိုင်တဲ့အတွက် သင်မောင်းလိုင်စင်ကို ပွဲစားများကနေတစ်ဆင့် ပြုလုပ်တဲ့နေရာမှာ ဘတ်(၇၀၀)အထိ ပေးဆောင်နေရတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
“ကိုယ်တိုင် တစ်ချို့က အချိန်မပေးနိုင်ဘူး။ အချိန်မပေးနိုင်တဲ့အတွက် ရရင်ပြီးရောဆိုပြီး ပေးတာပေါ့ဗျာ။ ဒါကတော့ ကိုယ်ကျေနပ်လို့ ကိုယ်ပေးတာပဲ။ ကိုယ်ဟာကိုယ်လုပ်တတ်ရင် ကိုယ်ဟာကိုဝင်လုပ် တစ်ကယ်တန်းကျတော့ ဘယ်လောက်မှ မကုန်ဘူးလို့” သုံးဘီးမောင်းနေသူတစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့မှာ ယာဥ်မောင်းနှင်သူများအနေနဲ့ ယာဥ်မောင်းလိုင်စင်ကို နိုင်ငံသားစိစစ်ရေးမှတ်ပုံတင် မူရင်း/မိတ္တူ(၁)စောင်နှင့် လိုင်စင်ဓာတ်ပုံ(၂)ပုံကို တာချီလိတ် ကညနရုံးမှာ သင်မောင်းလိုင်စင် လျှောက်လို့ရတယ်လို့ပြောပါတယ်။
အရင်က တာချီလိတ်ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် ယာဥ်မောင်းလိုင်စင်မရှိတဲ့ သုံးဘီးမောင်းနှင်သူတွေကို နားလည်မှုဖြင့် ဖြတ်သန်းသွားလာခွင့်ပေးထားပြီး အခု ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှာ တရားမဝင်ယာဥ်မောင်းအလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများဖမ်းဆီးမှုနောက်ပိုင်းတွင် တံတားပေါ်တွင်ဖြတ်သန်းသွားလာနဲ့မော်တော်ယာဥ်များ ယာဥ်မောင်းလိုင်စင်ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပေးမယ်လို့သိရှိရပါတယ်။
#ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

