၂၃ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်က အေးခဲအသားနဲ့ ကုန်စိမ်းတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်း (၂၅) ဦးကို ပို့ကုန်သွင်းကုန်ဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုထားတဲ့အမှု တစ်လကျော်ကြာမြင့်လာပြီးဖြစ်ပြီး ရှာဖွေသက်သေနဲ့ တရားလိုပြ သက်သေများကိုသာ စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါအမှုမှာ စက်တင်ဘာ (၁၅) ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ် မှတစ်ဆင့် တာချီလိတ်မြို့အတွင်းသို့ တရားမဝင် ကုန်စည်တွေဖြစ်တဲ့ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ သယ်ဆောင်လာတာတဲ့အတွက် ဖမ်းဆီးပြီးတရားစွဲဆိုထားတာဖြစ်ပါတယ်။
အဲ့လို သယ်ဆောင်လာတဲ့ ယာဉ်မောင်း (၂၅) ဦးကို မြန်မာအာဏာပိုင်များက နေရာခွဲကာ ဖမ်းဆီးခဲ့ပြီးနောက် တရားမဝင် ကုန်ပစ္စည်းတင်ဆောင်မှုနဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
“အမှုနဲ့ ပတ်သက်ပြီး လက်ရှိမှာ ရှာဖွေသက်သေ (၂) ဦးနဲ့ အကောက်ခွန်ဦးစီးဌာနက သက်သေကိုသာ စစ်ဆေးရသေးတယ်။”လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရန်နိုင်က ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံထားရသူ(၂၅)ဦးကို ပထမတစ်ရက် (၁၃) ဦးနဲ့ ဒုတိယ တစ်ရက် (၁၂) ဦးကို အုပ်စုနှစ်စုခွဲကာ (၂)ရက် ရုံးထုတ်စစ်ဆေးနေတာဖြစ်ပြီး ယနေ့ အောက်တိုဘာ (၂၂) ရက်မှာ ပထမအုပ်စုဖြစ်တဲ့ (၁၃) ဦးကို ရုံးထုတ်ခဲ့ပေမယ့် သက်သေမစုံသေးလို့ အောက်တိုဘာ (၂၃) ရက်ကို ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့တယ်လို့ အရှေ့သံလွင်မီဒီယာမှ စုံစမ်းသိရှိရပါတယ်။
အဆိုပါ ဖမ်းဆီးခံထားရသူများရဲ့ မိသားစုဝင်တွေမှာလည်း ထိုင်းနိုင်ငံဘက်မှ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြသူများဖြစ်ပြီး အခုလို ဖမ်းဆီးခံရမှုကြောင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“အဓိကကတော့ မြို့မမြို့ဖနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေကို သက်ညှာတဲ့အဆင့်နဲ့ အမြန်ဆုံးလုပ်ပေးစေချင်တယ်”လို့ ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ အစ်ကိုဖြစ်သူက အရှေ့သံလွင်မီဒီယာသို့ ပြောပါတယ်။
အဆိုပါ ယာဉ်မောင်း (၂၅) ဦးကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) နဲ့တရားစွဲဆိုထားကာ (၂၀၁၂) ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၃) နှစ်ထက် မပိုသော ပြစ်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

