၂၃ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ကနေ ပြည်လမ်းတစ်လျှောက် ဖြတ်သန်းပြီး ဆူးလေကိုဖြတ်ကာ လမ်း ၅၀ အထိ ချိတ်ဆက်ပြေးဆွဲပေးမယ့် YBS ၁၄၆ ယာဉ်လိုင်းသစ်ကို လာမယ့် နိုဝင်ဘာလမှာ စတင်ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
ယာဉ်လိုင်းသစ်ဟာ လှိုင်သာယာမြို့နယ်ကဘက်ကနေ ပေါက်တန်းအဝိုင်းကို အစပြုပြီး အနော်ရထာလမ်းမ၊ သမကုန်း၊ လှိုင်မြစ်လမ်း၊ ၅ ထိပ်နဲ့ အောင်ဇေယျ ကြိုးတံတားတို့ကို ဖြတ်သန်းကာ ပေါက်တောဝနဲ့ စော်ဘွားကြီးကုန်းဘက်ကနေ ပြည်လမ်းအတိုင်း မြို့တွင်းကို ဝင်ရောက်ပြေးဆွဲမှာ ဖြစ်ပါတယ်။
အဲဒီနောက် စိုက်ပျိုးရေး၊ မြေနီကုန်း၊ ဆေးရုံကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့ကို ဖြတ်သန်းပြီး ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းနဲ့ ဗိုတထောင်ဘုရားလမ်းတို့က တစ်ဆင့် လမ်း ၅၀ အထိ ပြေးဆွဲပေးသွားမှာပါ။
အပြန်ခရီးစဉ်မှာလည်း ကုန်သည်လမ်း၊ ဆူးလေ၊ အနော်ရထာလမ်း၊ ကုန်ဈေးတန်းနဲ့ အရေးပေါ်ဌာနဘက်ကနေ ပြည်လမ်းတစ်လျှောက် လာရာလမ်းအတိုင်း ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
ယာဉ်လိုင်းသစ် စတင်ပြေးဆွဲနိုင်ဖို့အတွက် ကနဦးမှာ YBS ၁၃၁ ယာဉ်လိုင်းကနေ ယာဉ်အစီးရေ ၃၀ ကို ထုတ်နုတ်အသုံးပြုသွားမှာဖြစ်ပြီး ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီက တာဝန်ယူပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

