၂၂ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
NPW
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှာ ပြည်တွင်းကမ်းရိုးတန်းသွားဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်နေတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီးက အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးအောင်ကြူနိုင်မေးတဲ့ ကော့သောင်းမြို့မှာ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းတည်ဆောက်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၂ ရက် အမျိုးသားလွှတ် တော်အစည်းမဝေးမှာ အခုလို ပြန်လည်ဖြေကြားတာဖြစ်ပါတယ်။
“ ကော့သောင်းမှာ အလျား ၃၂၈ ပေ၊ အကျယ် ၉၈ ပေ ပြည်တွင်းကမ်းရိုးတန်းသွားဆိပ်ကမ်းတံတား အသစ်တစ်ခုတည် ဆောက်နေပါတယ်။ ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ တိုင်းတာရေးလုပ်ငန်း တွေ ဆောင်ရွက်နေပါတယ်။ စီမံကိန်းကိုတော့ ၂၀၂၈ ခုနှစ် ဇူလိုင်လမှာ ပြီးစီးဖို့ လျာထားဆောင်ရွက်နေပါတယ် ” လို့ ဦး ထွန်းလူက ပြောပါတယ်။
အဆိုပါဆိပ်ကမ်းတံတားအသစ်ကို ယခင်ရှိပြီးသား တော်ဝင်ဆိပ်ကမ်းတံတားအနီးမှာပဲ ကပ်လျက်တည်ဆောက်နေတာဖြစ် ပြီး တော်ဝင်ဆိပ်ကမ်းတံတားကိုလည်း ပြန်လည်ပြင်ဆင်နေတာ ယခုနှစ်ကုန်ပိုင်းမှာ ပြီးစီးမယ်လို့ ဆိုပါတယ်။
ယင်းပြန်လည်ပြင်ဆင်နေတဲ့ တော်ဝင်ဆိပ်ကမ်းတံတားနဲ့ အသစ်တည်ဆောက်နေတဲ့ ဆိပ်ကမ်းတံတားအသစ်ပြီးသွားရင် တံတားနှစ်ခုရဲ့ အစအဆုံး အရှည်ဟာ မီတာ ၂၁၀ ခန့်ရှည်လျားမှာဖြစ်လို့ မီတာ ၉၀ ခန့်ရှိတဲ့ ရေယာဉ်နှစ်စီး ဆိုက်ကပ်နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ရန်ကုန်ဆိပ်ကမ်း၊ စစ်တွေဆိပ်ကမ်း ကျောက်ဖြူဆိပ်ကမ်း၊ သံတွဲဆိပ်ကမ်း၊ ပုသိမ်ဆိပ်ကမ်း၊ မော်လမြိုင်ဆိပ် ကမ်း၊ ထားဝယ်ဆိပ်ကမ်း၊ မြိတ်ဆိပ်ကမ်း၊ ကော့သောင်းဆိပ်ကမ်းတို့ရှိပြီး ရန်ကုန်ဆိပ်ကမ်းက ရေကြောင်းကုန်သွယ်မှု ပမာ ဏရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ဆောင်ရွက်ပေးနေတဲ့ ဆိပ်ကမ်းဖြစ်တယ်လို့ သိရပါတယ်။

