Language:

ရုရှားက ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြန်စရန် သဘောတူ


ရုရှားက ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြန်စရန် သဘောတူ

၂၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် ရုရှား၊ ယူကရိန်းနဲ့ အမေရိကန် သုံးနိုင်ငံ ပါဝင်တဲ့ ဆွေးနွေးပွဲတွေကို ပြန်လည်စတင်ဖို့ မူအားဖြင့် သဘောတူလိုက်ပါတယ်။

ကရင်မလင် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးတန်းအရာရှိ ယူရီ အူရှာကော့ဗ်က အောက်တိုဘာ ၂၁ ရက်မှာ ပြောကြားခဲ့တာပါ။ ဒီပြောကြားချက်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်တို့ စိန့်ပီတာစဘတ်မြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အခု ဆွေးနွေးပွဲတွေ ပြန်စနိုင်ခဲ့မယ်ဆိုရင် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် သုံးနိုင်ငံကြား ဆွေးနွေးမှုတွေ ပြန်လည်စတင်နိုင်မှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေမှာ စစ်ပွဲပြီးဆုံးပြီးနောက် ယူကရိန်းရဲ့ လုံခြုံရေးကို ဘယ်လိုအာမခံပေးမလဲဆိုတဲ့ ကိစ္စအပါအဝင် စစ်ပြီးခေတ် လုံခြုံရေးအစီအစဉ်တွေကို အဓိကထား ဆွေးနွေးသွားဖို့ ရှိတယ်လို့ အူရှာကော့ဗ်က ပြောပါတယ်။

ဆွေးနွေးပွဲတွေကို နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်းမှာ စတင်နိုင်ဖွယ်ရှိပြီး နည်းပညာအဆင့် အဖွဲ့တွေက ဦးဆောင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကျင်းပမယ့် နေရာအဖြစ် အဘူဒါဘီမြို့ကိုလည်း စဉ်းစားထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီနှစ်အစောပိုင်းကလည်း ရုရှား၊ ယူကရိန်းနဲ့ အမေရိကန် ကိုယ်စားလှယ်တွေဟာ အဘူဒါဘီမှာ နှစ်ကြိမ်၊ ဂျီနီဗာမှာ တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲတွေကနေ အကျဉ်းသားလဲလှယ်ရေးကိစ္စကလွဲလို့ သိသာတဲ့ တိုးတက်မှုတွေ မရရှိခဲ့ပါဘူး။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကတော့ ဆွေးနွေးပွဲတွေ ပြန်စမယ့် အစီအစဉ်ကို ထောက်ခံထားပြီး အမြန်ဆုံး စတင်ဖို့ လိုလားနေပါတယ်။ သူ့အနေနဲ့ ဆွေးနွေးပွဲတွေကို နိုဝင်ဘာလအစောပိုင်းထက် နောက်မကျစေချင်ဘူးလို့လည်း ပြောထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်တစ်ခု ရရှိဖို့ နီးစပ်လာပြီဆိုတဲ့ သဘောမျိုး ပြောကြားထားပါတယ်။

ဒီအတောအတွင်း အမေရိကန် အထူးကိုယ်စားလှယ် ဝစ်ကော့ဖ်ဟာ အောက်တိုဘာ ၂၀ ရက်မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ဇယ်လန်းစကီးနဲ့ တွေ့ဆုံခဲ့သလို ဥရောပခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ ဝစ်ကော့ဖ်ဟာ ပူတင်နဲ့ စိန့်ပီတာစဘတ်မြို့အနီးမှာ တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲဟာ သုံးနာရီခန့် ကြာမြင့်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ထရမ့်ရဲ့ သားမက် ဂျဲရက် ကရှ်နာကလည်း ဗီဒီယိုကတစ်ဆင့် ပါဝင်ခဲ့ပါတယ်။

နှစ်ဖက်ဆွေးနွေးမှုမှာ စစ်ပွဲပြီးဆုံးပြီးနောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်တည်ဆောက်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ရုရှားအနေနဲ့ အမေရိကန်နဲ့ စီးပွားရေးဆက်ဆံမှုတွေ ပြန်လည်တည်ဆောက်ဖို့ စိတ်ဝင်စားနေပြီး အကြီးစား ပူးတွဲစီးပွားရေးစီမံကိန်းတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ အူရှာကော့ဗ်က ပြောပါတယ်။

အဲဒီနေ့မှာပဲ ရုရှားဟာ အမေရိကန်နိုင်ငံသား စတီဖင် ဟဘာ့ဒ်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဟဘာ့ဒ်ဟာ ရုရှားနိုင်ငံမှာ လေးနှစ်ကျော် ထိန်းသိမ်းခံထားရသူဖြစ်ပြီး ထရမ့်ရဲ့ တောင်းဆိုမှုနောက်ပိုင်း ပြန်လွှတ်ပေးခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အော်စလိုမှာ ဆွေးနွေးခဲ့တဲ့ အဆိုပြုချက်တွေဟာ အနှစ်သာရ မပြည့်စုံသေးဘူးလို့ ကရင်မလင်ဘက်က သုံးသပ်ထားပါတယ်။ တစ်ဖက်မှာလည်း အူရှာကော့ဗ်က အခုလို ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

နော်ဝေဝန်ကြီးချုပ် ယိုနပ်စ် ဂါး စတိုရယ်ကလည်း ဆွေးနွေးပွဲတွေဟာ အဆင့်သစ်တစ်ခုကို ရောက်ရှိလာနိုင်တယ်လို့ သုံးသပ်ထားပြီး နိုဝင်ဘာလလယ်လောက်မှာ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သံတမန်ရေးဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေချိန်မှာပဲ ယူကရိန်းနိုင်ငံအတွင်း တိုက်ခိုက်မှုတွေက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဇယ်လန်းစကီးရဲ့ ပြောကြားချက် ထွက်ပေါ်လာပြီးနောက် ကိယက်ဗ်မြို့မှာ ဒုံးကျည်အန္တရာယ် သတိပေးသံတွေ မြည်ခဲ့ပြီး ပေါက်ကွဲသံတွေလည်း ကြားခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် သုံးနိုင်ငံကြား ဆွေးနွေးပွဲတွေ ပြန်စနိုင်မယ့် အလားအလာ ရှိလာပေမဲ့ စစ်ပွဲအဆုံးသတ်ရေးအတွက် လက်တွေ့ကျတဲ့ သဘောတူညီချက်တစ်ခု ရရှိနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

#သံတမန်

#ဆွေးနွေးမှု

#စစ်ပွဲ

#ယူကရိန်း

#ရုရှား

ဆက်စပ်သတင်းများ

Eastern Thanlwin