၂၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်နိုင်ဖို့ အစိုးရက ဥပဒေတွေကို ပိုမိုတင်းကျပ်ဖို့ ပြင်ဆင်နေသလို မူးယစ်ဆေးတွေ နိုင်ငံထဲကို မဝင်လာခင် ထုတ်လုပ်ရာရင်းမြစ်တွေကိုပါ ပိတ်ဆို့သွားမယ်လို့ ဝန်ကြီးချုပ် အနုထင်ချန်ဝီရာကွန်က ပြောပါတယ်။
အောက်တိုဘာ ၂၂ ရက်မှာ အစိုးရအိမ်တော်၌ ကျင်းပတဲ့ မူးယစ်ဆေးထိန်းချုပ်ရေးဘုတ်အဖွဲ့ အစည်းအဝေးမှာ အနုထင်က အခုလို ပြောကြားခဲ့တာပါ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ပြည်တွင်းဖမ်းဆီးမှုတွေတင်မကဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်ရာရင်းမြစ်တွေကိုပါ ထိရောက်စွာ တားဆီးဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီး၊ တရားရေးဝန်ကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရဲချုပ်တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးဟာ ယခုနှစ်အတွင်း တတိယအကြိမ် ကျင်းပတဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။
အဲဒီမတိုင်ခင် တစ်ရက်အလို အောက်တိုဘာ ၂၁ ရက်မှာလည်း အနုထင်အစိုးရက မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပြင်ဆင်ရေး မူကြမ်းနှစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။
အဆိုပါ မူကြမ်းတွေမှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူတွေကို ရောင်းချဖို့ ရည်ရွယ်ထားသူတွေအဖြစ် သတ်မှတ်နိုင်မယ့် ပြဋ္ဌာန်းချက်တွေ၊ မူးယစ်ဆေးသုံးစွဲသူတွေအပေါ် ပြစ်ဒဏ်ပိုမိုတင်းကျပ်စေမယ့် အချက်တွေနဲ့ သံသယရှိသူတွေကို ထိန်းသိမ်းစစ်ဆေးနိုင်တဲ့ ကာလကို သုံးရက်ကနေ ခုနစ်ရက်အထိ တိုးမြှင့်ဖို့ အဆိုပြုချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့အနေနဲ့ တရားရုံးခွင့်ပြုချက်ရရှိပါက ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေကို ရယူနိုင်ဖို့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဗဟိုအချက်အလက်စနစ်တွေကို အသုံးပြုနိုင်ဖို့လည်း စီစဉ်ထားပါတယ်။
အွန်လိုင်းပေါ်မှာ မူးယစ်ဆေးသုံးစွဲဖို့ အားပေးတဲ့ အကြောင်းအရာတွေကို ဖယ်ရှားတာ၊ ဆေးသုံးစွဲတယ်လို့ သံသယရှိသူတွေအတွက် မိသားစုဝင် ဒါမှမဟုတ် စောင့်ရှောက်သူတွေက ကိုယ်စားပြုပြီး ကုသမှုတောင်းခံနိုင်တာတွေလည်း မူကြမ်းထဲမှာ ပါဝင်ပါတယ်။ ကလေးသူငယ်တွေကို မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုတွေမှာ အသုံးချသူတွေကိုလည်း ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ အဆိုပြုထားပါတယ်။
မူးယစ်ဆေးစွဲသူတွေကို ကုသပြန်လည်ထူထောင်နိုင်ဖို့အတွက် ခရိုင်တိုင်းမှာ ပြန်လည်ထူထောင်ရေးစင်တာတွေ ဖွင့်လှစ်ဖို့လည်း အစိုးရက စီစဉ်နေပါတယ်။
ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာမှာ အဓိကစိန်ခေါ်မှုတစ်ခုကတော့ မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်လာတဲ့ မက်သာဖက်တမင်းလို့ခေါ်တဲ့ စိတ်ကြွဆေးပြားနဲ့ အခြားမူးယစ်ဆေးဝါးတွေ ဖြစ်ပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပွားလာတဲ့ မတည်ငြိမ်မှုတွေကြောင့် မူးယစ်ဆေးထုတ်လုပ်မှု ပိုမိုကြီးမားလာခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါးတွေကို ပြည်တွင်းမှာ ရောင်းချသုံးစွဲတဲ့ ဈေးကွက်တစ်ခုဖြစ်သလို တခြားနိုင်ငံတွေကို ဖြတ်သန်းပို့ဆောင်ရာ လမ်းကြောင်းတစ်ခုလည်း ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံအတွင်း အကျဉ်းကျနေသူ အများအပြားဟာလည်း မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုတွေနဲ့ ဆက်စပ်နေကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
စစ်တမ်းအချို့အရ ထိုင်းနိုင်ငံမှာ မက်သာဖက်တမင်းဆေးပြား သုံးစွဲသူအရေအတွက်ဟာ ၁၅ သိန်းဝန်းကျင် ရှိနေတယ်လို့ ဆိုပါတယ်။ ထိုင်းလွှတ်တော်ဥက္ကဋ္ဌ ဆိုဖွန် ဆာရွန်ကလည်း နိုင်ငံရဲ့ မူးယစ်ဆေးပြဿနာဟာ အကျပ်အတည်းအဆင့်ကို ရောက်ရှိနေပြီလို့ ပြောကြားထားပါတယ်။
တစ်ဖက်မှာလည်း အနုထင်ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရဲတပ်ဖွဲ့အတွက် အက်စ်ရေးကား လေးစီး ထပ်မံခွင့်ပြုပေးခဲ့ပါတယ်။ တာဝန်ထမ်းဆောင်ရာမှာ အရာရှိတွေအနေနဲ့ သတိထားလုပ်ဆောင်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
အထူးသဖြင့် အောက်တိုဘာ ၂၀ ရက်ညက ဖစ်ချဘူရီဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို ရည်ညွှန်းပြီး အနုထင်က လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လူ့အသက်ဆုံးရှုံးမှုတွေကို တတ်နိုင်သမျှ ကာကွယ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
အခုတင်သွင်းထားတဲ့ ဥပဒေမူကြမ်းနှစ်ရပ်ဟာ လွှတ်တော်ရဲ့ သတ်မှတ်လုပ်ထုံးလုပ်နည်းတွေကို ဖြတ်သန်းပြီး အတည်ပြုနိုင်မှသာ ဥပဒေအဖြစ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

