၂၂ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
ဖိုးစည်
၂၀၂၆ ခုနှစ် မိုးစပါးနဲ့ ၂၀၂၇ ခုနှစ် နွေစပါးတို့အတွက် အခြေခံရည်ညွှန်းဈေးနှုန်း စပါးတင်း (၁၀၀)ကို ကျပ် (၁၃) သိန်းခွဲ သတ်မှတ်လိုက်တယ်လို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲက အောက်တိုဘာ (၂၁)ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်စေရန် ရည်ရွယ်သတ်မှတ်တာဖြစ်ပြီး အစိုဓာတ် (၁၄) ရာခိုင်နှုန်းရှိကာ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံ ညွှန်းတွေနဲ့ ကိုက်ညီတဲ့ စပါးအမျိုးအစားအပေါ် အခြေခံ သတ်မှတ်ထားတာလို့လည်း ဆိုပါတယ်။
လက်ရှိ ဧရာဝတီတိုင်းအတွင်းက မနောသုခ၊ ဆင်းသွယ်၊ ဆင်းသုခ၊ ရက် (၉၀) တို့လို သက်တမ်းနု မိုးစပါးတွေ ရိတ်သိမ်းထွက်ရှိနေပြီဖြစ်ပြီး မြေပြင်ပေါက်ဈေးအရ တင်း (၁၀၀) ကို ကျပ်သိန်း (၂၀) ကနေ (၂၅) သိန်းဝန်ကျင်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
တောင်သူလယ်သမားအခွင့် အရေးကာကွယ်ရေးနဲ့ အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲရဲ့ ထုတ်ပြန်ချက်အရ စပါးဈေးကွက်ပေါက်ဈေးဟာ သတ်မှတ် အခြေခံရည်ညွှန်းဈေး နှုန်းထက်မြင့်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။
၎င်းဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်းဈေးနှုန်းအောက် ကျဆင်းနေပါက အခြေခံ ရည်ညွှန်း ဈေးနှုန်းအတိုင်း ဝယ်ယူရမယ်လို့လည်း ဆိုပါတယ်။
အဆိုပါ အခြေခံရည်ညွှန်းဈေးနှုန်းနဲ့ စပါးရောင်းချရန် အခက်အခဲရှိတဲ့ တောင်သူလယ်သမားတွေ အနေနဲ့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မြို့နယ်ကိုယ်စားလှယ်များထံ ဆက်သွယ်နိုင်သလို အသင်းချုပ်ရုံးချုပ်ကိုလည်း ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို အသိပေးထားပါတယ်။
#ယခုနှစ် မိုးစပါး၊နွေစပါး
#တင်း(၁၀၀)
#ကျပ်(၁၃)သိန်းခွဲ

