တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံးကြီးကို ကုတင် (၂၀၀) ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးဖို့ အစီအစဉ်မရှိသေး


တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံးကြီးကို ကုတင် (၂၀၀) ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးဖို့ အစီအစဉ်မရှိသေး

၃၀ ဇူလိုင် ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာရှိတဲ့ ကုတင် (၁၀၀) ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးကို ကုတင် (၂၀၀) ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးကို ကုတင် (၂၀၀) ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးဖို့ အစီစဉ် ရှိ/မရှိကို တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က ပြီးခဲ့တဲ့ ဇွန်လ (၁၉)ရက်က ပြည်သူ့လွှတ်တော်မှာ ကျန်းမာရေးဝန်ကြီးဌာနကို ကြယ်ပွင့်မပြမေးခွန်းအဖြစ် မေးမြန်းခဲ့တာပါ။

ဦးကျော်ငြိမ်းအောင်ရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်ဖြေကြားချက်ကို ဒီကနေ့ ဇူလိုင်လ (၃၀)ရက်မှာ ၎င်းက လူမှုကွန်ရက်ကတဆင့် ပြန်လည် မျှဝေခဲ့တာလည်း ဖြစ်ပါတယ်။

ဝန်ကြီးဌာနရဲ့ ပြန်လည်ဖြေကြားချက်ထဲမှာ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံးကြီးကို (၃)နှစ်အတွင်း တက်ရောက်ကုသခဲ့တဲ့ တစ်ရက်စာ ပျမ်းမျှလူနာဦးရေဟာ (၅၅) ဦးသာရှိတဲ့အတွက် ကုတင်အသုံးပြုမှု လိုအပ်ချက်ရှိမနေတာကြောင့် ကုတင် (၂၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။

မေးခွန်းနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က အရှေ့သံလွင်မီဒီယာကို

“ပြန်ဖြေတဲ့အထဲမှာတော့ ပျမ်းမျှလူနာက တစ်ရက်ကို (၅၅) ဦးပဲရှိတယ်ဆိုတော့ လက်ရှိကုတင် (၁၀၀) နဲ့ အဆင်ပြေတယ်လို့ ဝန်ကြီးဌာနကယူဆတော့ မတိုးပေးဘူးဆိုတဲ့သဘောပေါ့။သူတို့က လူနာကို အခြေခံပြီးတော့မှ အဆင့်မြှင့်သင့်၊ မမြှင့်သင့်ကို စဉ်းစားဆုံးဖြတ်တဲ့ သဘောမှာရှိတယ်” လို့ပြောပါတယ်။

အဆိုပါ ကုတင် (၁၀၀)ဆံ့ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး နဂါးနှစ်ကောင်ဆရာတော်ကြီးမှ ဦးစီးဦးဆောင်ပြုကာ ဝမ်းကောင်းရပ်ကွက်၊ ဂေါက်ကွင်းသွားလမ်းပေါ်ရှိ မြေဧက (၉.၉၂) ဧကပေါ်တွင် (၅) ထပ်ဆောင်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလကတည်းက ကုတင် (၂၀၀) ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်နိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးဦးစီးဌာနကလည်း အဆိုပါဆေးရုံအား ကုတင် (၂၀၀) ဆံ့အဖြစ် အဆင့်မြှင့်ပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၂၃) ရက်မှာ အဆင့်ဆင့်တင်ပြခဲ့ပေမယ့် လက်ရှိအချိန်ထိ အဆင့်မြှင်ပေးခြင်းမရှိဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က သူ့ရဲ့မေးခွန်းထဲမှာ ထည့်သွင်းပြောကြားထားတာတွေ့ရပါတယ်။

လက်ရှိမှာ တာချီလိတ်မြို့က ငွေကြေးတတ်နိုင်သူတွေဟာ တစ်ဖက်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမယ်ဆိုင်မြို့၊ ချင်းရိုင်နဲ့ ချင်းမိုင်မြို့တွေမှာ သွားပြီးဆေးဝါးကုသမှုခံယူနေကြတဲ့အတွက်

တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကို ကုတင် (၂၀၀)ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးလိုက်မယ်ဆိုပါက တစ်ဖက်နိုင်ငံသို့ သွားရောက်ဆေးကုသသူ လျော့နည်းသွားမယ့်အပြင် ငွေကြေးကုန်ကျမှုတွေလည်း သက်သာသွားမယ်လို့ အဆိုရှင်က ထောက်ပြ ပြောကြားထားပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာနကတော့ တာချီလိတ်မြို့နယ်မှာ ကုတင် (၁၀၀) ဆံ့ ဆေးရုံ (၁) ရုံ နဲ့ တိုက်နယ်ဆေးရုံ (၃) ရုံ၊ ကျေးလက်ကျန်းမာရေး ဌာန (၇) ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ (၂၈) ခုရှိတဲ့အပြင် ကျိုင်းတုံက ကုတင် (၃၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးနဲ့ (၁၅၆.၈၁) ကီလိုမီတာသာကွာဝေးတာကြောင့် လူနာလိုအပ်ချက်ရှိနေလို့ အဆင့်တိုးမြှင့်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြန်လည်ဖြေကြားသွားပါတယ်။

#ကျန်းမာရေး

#ပြည်သူ့ဆေးရုံ

#တာချီလိတ်

#ရှမ်းပြည်နယ်အရှေ့ပိုင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin