လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံလုံးဆိုင်ရာ မေးခွန်းတွေမေးကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း


လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံလုံးဆိုင်ရာ မေးခွန်းတွေမေးကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

၃၀ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တဲ့ နိုင်ငံလုံးဆိုင်ရာမေးခွန်းတွေကို အဓိကထားမေးမြန်းကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၃၀) ရက်မှာ ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၂)ရက်မြောက်နေ့မှာ ၎င်းပြောကြားလိုက်တာပါ။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်း (၂၈၆)ခု၊ ကြယ်ပွင့်မပြမေးခွန်း (၄၃၆) ခုကို လွှတ်တော်ကိုယ်စားလှယ် (၁၆၀)က မေးမြန်းခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောကြားချက်အရသိ ရပါတယ်။

ဒါ့အပြင် ယခု တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်ကို တိုက်တွန်းကြောင်းအဆိုအနေနဲ့ အကြံပြုအဆို (၃) ခု တင်သွင်းခဲ့ကြတယ်လို့လည်း သိရပါတယ်။

အဲဒီမေးခွန်းတွေထဲမှာ ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တဲ့ မေးခွန်းတွေ နည်းပါးပြီး ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေက ပိုမိုများပြားတာကို တွေ့ရတဲ့အတွက် နောက်အစည်းအဝေတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံတစ်ဝန်းကပြည်သူတွေ အမှန်တကယ် လိုလားတောင့်တတဲ့ မေးခွန်းမျိုး၊ အဆိုမျိုးတွေ မေးမြန်းပေးကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တိုက်တွန်းလိုက်တာပါ။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ မေးမြန်းခဲ့ကြတဲ့ မေးခွန်းတွေထဲမှာ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ ၊ ပညာရေးကဏ္ဍ ၊ ကျန်းမာရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ ၊ စီမံခန့်ခွဲရေးကဏ္ဍ ၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းကဏ္ဍ၊ လျှပ်စစ်၊ စွမ်းအင်၊ သတ္တုနဲ့ သစ်တောကဏ္ဍ၊ ဘဏ္ဍာရေးနဲ့ စီမံကိန်းကဏ္ဍ ၊ စက်မှုလက်မှုကဏ္ဍ ၊ တရားစီရင်ရေးကဏ္ဍ ၊ ကာကွယ်ရေးကဏ္ဍနဲ့ တိုင်းဒေသကြီး/ပြည်နယ်ကဏ္ဍ စသဖြင့် ပါဝင်တယ်လို့လည်း သိရပါတယ်။

#လွှတ်တော်

#ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

#ဦးခင်ရီ

#EasternThanlwin

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin