၉ အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ခိုးယူလာတဲ့ ဆိုင်ကယ်နဲ့အတူ ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်ထံကနေ သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ မှုခင်းပပျောက်စေရေး စစ်ဆေးဆောင်ရွက်နေချိန် တာချီလိတ်မြို့ ဦးတာဝေမီးစက်လမ်းဆုံမှာ ဆိုင်ကယ်ခိုးယူမှု ကျူးလွန်သူ အမျိုးသားတစ်ဦးအား အောက်တိုဘာ(၈)ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။
ဖမ်းဆီးရမိသူမှာ အသက်(၂၈)နှစ်အရွယ် ထက်ဝေယုံဦး ဆိုသူဖြစ်ပြီး ဝိန်းကျောက်ရပ်ကွက် တောကော့ပြင် နေထိုင်သူဖြစ်ကာ Honda Wave 110 အနက်ရောင် အမျိုးအစား ဆိုင်ကယ်တစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
“တရားခံကို စစ်ဆေးမေးမြန်းပြီး ကွင်းဆက်တွေ ဆက်လက်ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်”လို့ တာချီလိတ်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ဒုရဲအုပ် နေမင်းခန့် က အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး ကျူးလွန်သူကို အမှုဖွင့်လှစ်နိုင်ရေးနဲ့ ခိုးမှုများ ဆက်လက်စစ်ဆေးပြီး ကွင်းဆက်တွေကို ထုတ်ဖော်ပြသွားမယ်လို့ ရဲအရာရှိက ပြောပါတယ်။
တာချီလိတ်မြို့မှာ ဆိုင်ကယ်ခိုးယူမှုတွေဟာ တစ်ပါတ်အတွင်း (၃/၄)စီး ခိုးယူခံရမှုတွေရှိနေပြီး၊ ပြီးခဲ့တဲ့အပါတ်က ဝမ်ကောင်းရပ်ကွက်ရှိ နေအိမ်အတွင်းက ဆိုင်ကယ်နဲ့ ပစ္စည်းအချို့ အခိုးခံရမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင် ဆေခန်းရပ်ကွက်မှာလည်း နေအိမ်အတွင်းဝင်ရောက်ကာ ဆောင်းဘောက်၊ ဆိုင်ကယ်နဲ့ အခြားပစ္စည်းတွေ ဝင်ရောက်ခိုးခံရမှုတွေလည်း ဖြစ်ပေါ်ခဲ့သေးတယ်လို့ သိရပါတယ်။

