Language:

ဘန်ကောက်မှာ ကျောင်းသားတွေကို ပစ်မှတ်ထားတဲ့ ကောလ်စင်တာကွန်ရက် ဖြိုခွဲ၊ မြန်မာအမျိုးသမီး ၂ ဦး ဖမ်းဆီးခံရတဲ့အထဲ ပါဝင်နေ


ဘန်ကောက်မှာ ကျောင်းသားတွေကို ပစ်မှတ်ထားတဲ့ ကောလ်စင်တာကွန်ရက် ဖြိုခွဲ၊ မြန်မာအမျိုးသမီး ၂ ဦး ဖမ်းဆီးခံရတဲ့အထဲ ပါဝင်နေ

၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ဘန်ကောက်မြို့မှာ ကျောင်းသားတွေကို ပစ်မှတ်ထားပြီး ကောလ်စင်တာကနေ လိမ်လည်ငွေတောင်းယူနေတဲ့ ကွန်ရက်တစ်ခုကို ထိုင်းဆိုင်ဘာရာဇဝတ်မှု စုံစမ်းရေး ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီး တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာအမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထားပါတယ်။

ရဲတပ်ဖွဲ့ဟာ အောက်တိုဘာ ၅ ရက်က Min Buri ရာဇဝတ်တရားရုံးက ထုတ်ပေးထားတဲ့ ဖမ်းဝရမ်းနဲ့ အောက်တိုဘာ ၆ ရက် မနက်ပိုင်းမှာ ဘန်ကောက်မြို့ Saphan Sung ရပ်ကွက်က နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့တာပါ။

အဲဒီနေအိမ်မှာ လူ ၁၁ ဦးကို တွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံသား အသက် ၃၇ နှစ်အရွယ် အမျိုးသားကို လိမ်လည်ရရှိတဲ့ ငွေကြေးတွေ လက်ခံသူအဖြစ်၊ မြန်မာအမျိုးသမီးနှစ်ဦးကိုတော့ ငွေသားတွေ လိုက်လံပို့ဆောင်ပေးသူတွေအဖြစ် ရဲတပ်ဖွဲ့က သံသယရှိထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အရ ဒီကွန်ရက်ဟာ ဖုန်းကုမ္ပဏီဝန်ထမ်းတွေလို ဟန်ဆောင်ပြီး သားကောင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ ငွေကြေးခဝါချမှုနဲ့ ဆက်နွယ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ရဲအရာရှိဟန်ဆောင်ထားသူနဲ့ ဆက်သွယ်ခိုင်းပြီး အမှုနဲ့ ပတ်သက်မှု မရှိဘူးဆိုတာ သက်သေပြဖို့ ဘဏ်အကောင့်တွေထဲကို ငွေလွှဲပေးဖို့ ဖိအားပေးခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဒီလိမ်လည်မှုမှာ အသက် ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦးလည်း ပါဝင်ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အတွင်း ငွေ ၂၁၂,၉၈၉ ဘတ်ကို ငါးကြိမ်ခွဲ လွှဲပေးခဲ့တဲ့အပြင် ငွေသား ဘတ် ၄၅၀,၀၀၀ ကိုလည်း ထုတ်ယူပြီး Nakhon Pathom ပြည်နယ်က ဈေးဝယ်စင်တာတစ်ခုရဲ့ ကားရပ်နားရာနေရာမှာ သွားရောက် လွှဲပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ကျောင်းသားအနည်းဆုံး ၇ ဦး ဒီကွန်ရက်ရဲ့ လိမ်လည်မှုကိုခံခဲ့ရပြီး စုစုပေါင်းဆုံးရှုံးငွေဟာ ဘတ်သန်း ၂၀၀ ကျော် ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ရှာဖွေမှုအတွင်း Richard Mille၊ Patek Philippe နဲ့ Rolex အပါအဝင် ဇိမ်ခံနာရီတွေ၊ ငွေသား၊ မိုဘိုင်းဖုန်း၊ တက်ဘလက်၊ နိုင်ငံကူးလက်မှတ်နဲ့ ဘဏ်စာအုပ်တွေ အပါအဝင် စုစုပေါင်း ဘတ်သန်း ၁၀၀ ကျော် တန်ဖိုးရှိ ပစ္စည်း ၄၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ လိမ်လည်ရရှိတဲ့ ငွေကြေးတချို့ကို ရွှေဝယ်ယူဖို့ အသုံးပြုထားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဟာ ဒီကွန်ရက်ရဲ့ ငွေကြေးစီးဆင်းမှုကို ဆက်လက်ခြေရာခံနေပြီး နောက်ကွယ်က အဓိက စီမံခန့်ခွဲသူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်စုံစမ်းနေပါတယ်။

#ဘန်ကောက်

#ကျောင်းသားတွေ

#ပစ်မှတ်ထားတဲ့

#ကောလ်စင်တာကွန်ရက်

#ဖြိုခွဲ

#မြန်မာအမျိုးသမီး၂ဦး

#ဖမ်းဆီးခံရတဲ့အထဲ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin