၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မြို့မှာ KG တန်းမှစပြီး တစ်လကို ဘတ်(၅၀၀)နဲ့ အထက်တန်းအဆင့်ကို ဘတ်(၁၀၀၀)ခန့် အထိ ကျောင်းအတန်းပိုင်တွေက ကျူရှင်ပြသနေတာကြောင့် စီးပွားရေးကျပ်တည်းတဲ့ ကာလဖြစ်တဲ့ အတွက် ဝင်ငွေနည်းပါးတဲ့ ကျောင်းသားမိဘတွေအနေနဲ့ စားဝတ်နေရေးအပြင် ကလေးတွေရဲ့ ပညာရေးအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး အခက်အခဲတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။
“မြို့မှာ ငွေရှာဖို့ခက်ခဲပြီး စီးပွားရေးမကောင်းတဲ့ကြားက စားတာကို ချွေတာစားပြီး ကလေးတွေကို ကျူရှင်ထားရတယ်။ ကျူရှင်မထားတဲ့ကလေးဆိုရင် ကျောင်းမှာစာမလိုက်နိုင်ဘူး။ ကျူရှင်မပေးနဲ့မပြောပါဘူး ။ အဓိက အားလုံးခက်ခဲနေတဲ့အချိန် သင့်တော်တဲ့ ကျူရှင်လခဆိုရင် အားလုံးအဆင်ပြေပါတယ်”လို့ ကျောင်းသား မိဘတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
တာချီလိတ်မြို့ပေါ် ကျောင်းတွေက ကလေးတွေကျူရှင်ယူရတဲ့အပြင် အခုနောက်ပိုင်း မြို့အနီးဝန်းကျင် ကျောင်းတွေက ကလေးငယ်တွေပါ တစ်လကို ကျူရှင်ခ ဘတ်(၅၀၀)ခန့် မဖြစ်မနေကောက်ခံတာတွေ ရှိနေတာဖြစ်ပါတယ်။
တာချီလိတ်မြို့က အစိုးရကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားအများစုဟာ ငွေကြေးချမ်းသာခြင်းမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေ ဖြစ်တာကြောင့် ကျောင်းသားမိဘတွေအနေနဲ့ အိမ်လခ၊ စားဝတ်နေရေးအပြင် ကလေးပညာရေးအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ပေါ်နေရတာပါ။
“ကျောင်းမှာ ကျူရှင်မတတ်နိုင်ရင် မျက်နှာငယ်တယ် ဒါအပြင် မိဘဆရာကြေး၊ အမှိုက်ကြေး၊ ဟိုကြေး ဒီကြေးတွေက အမြဲတမ်းရှိတယ် မိဘတွေကလဲ အဆင်မပြေ မပေးနိုင်လို့ ပြီးခဲ့တဲ့နှစ်ကဘဲ ကျောင်းထွက်ခဲ့တာ အခု ကျဘမ်းအလုပ်လိုက်လုပ်နေတယ်”လို့ အထက်တန်းမှ ကျောင်းထွက်ထားသူ လူငယ်တစ်ဦးကလဲ ပြောပါတယ်။
ကျောင်းဖွင့်ကာလမှာ အခကြေးငွေယူပြီး ကျူရှင်သင်ကြားခြင်းပြုဖို့ ရှမ်းပြည်နယ် ပညာရေးမှူးရုံးက သက်ဆိုင်ရာ ကျောင်းတွေကို ညွှန်ကြားထားပေမယ့် လိုက်နာခြင်းမရှိဘဲ ကျူရှင်လခ အမြောက်အများနဲ့ အတန်းပိုင်ဆရာတွေက သင်ကြားနေတာဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်/ခရိုင် ပညာရေးမှူးများမှလဲ ကျူရှင်လခဈေးကြီးတဲ့အပေါ် စိစစ်ကြပ်မတ်မှုလဲ နည်းပါးနေတာဖြစ်ပါတယ်။
တာချီလိတ်မှာ အစိုးရကျောင်းက ကျောင်းသားတစ်ဦးရဲ့ တစ်လပညာသင်ကြားရေးစာရိတ်မှာလဲ အနည်းဆုံး ဘတ်(၁၀၀၀)ကနေ ဘတ်(၃၀၀၀)ကြားရှိတဲ့အတွက် အချို့သော ကျောင်းသားမိဘတွေက တစ်လကို ဘတ်(၃)ထောင်မှ ဘတ်(၅)ထောင်အကြားကုန်ကျမှုရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေကို ပြောင်းလဲ ပညာသင်ကြားစေကြတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့နယ်အတွင်း အစိုးရအခြေခံပညာကျောင်း ၁၃၀ ကျောင်း ရှိပြီး အထက ၆ ကျောင်း၊ အထကခွဲ ၆ ကျောင်း၊ အလက ၅ ကျောင်း၊ အလကခွဲ ၆ ကျောင်း၊ မူလတန်း ၉၃ ကျောင်းနဲ့ မူလတန်းလွန် ၁၄ ကျောင်းရှိပြီး ပညာသင်ကြားနေတဲ့ ကျောင်းသားဦးရေး စုစုပေါင်း ၂၂၂၁၄ ကျော် ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

