၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
ထိုင်းနိုင်ငံမှာ ရေကြီးမှုများ ဆက်လက် ဖြစ်ပွားနေပြီး အောက်တိုဘာ ၈ ရက် နောက်ဆုံး အခြေအနေအရ ပြည်နယ် ၂၇ ခုနဲ့ မြို့တော် ဘန်ကောက်မှာ အိမ်ထောင်စုပေါင်း ၁,၁၄၉,၂၈၅ စု ရေဘေး သင့်နေဆဲလို သိရပါတယ်။
စက်တင်ဘာ ၁၆ ရက်က ရေကြီးမှုများ စတင်ဖြစ်ပေါ်ခဲ့ရာ လူသေဆုံးမှူမှာလည်း ၆၀ ဦးအထိ ရှိလာတယ်လို့ ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြောက်ပိုင်းမှ စီးဝင်လာသော ရေများကြောင့် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပြီး အချို့ ဒေသများမှာ ရေများ တက်နေဆဲ ဖြစ်သလိုအချို့တွင်မူ ပြန်လည် ကျဆင်းလာပါတယ်။
ထိုင်နိုင်ငံ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေး ဦးစီးဌာနက ရေဘေးသင့် အိမ်ထောင်စု တစ်စုလျှင် ဘတ် ၉,၀၀၀ ထောက်ပံ့ပေးနေပြီး ထိုငွေကို အိမ်ပိုင်ရှင်ထံသို့ မဟုတ်ဘဲ အမှန်တကယ် နေထိုင်သူထံသို့ ပေးအပ်သည်ဟု ဆိုထားပါတယ်။
အစိုးရ၏ သန်ရတ်အက်ပ်မှတစ်ဆင့် လျှောက်ထားသူ အိမ်ထောင်စု တစ်သန်းကျော် ရှိနေရာ အာဏာပိုင်များက ရေထုတ်ခြင်း၊ လမ်းများ ရှင်းလင်းခြင်း၊ ထိခိုက်လွယ်သူများကို အစားအစာ၊ သောက်ရေနှင့် ဆေးဝါးများ ပေးအပ်ခြင်းနှင့် ပျက်စီးမှု စစ်တမ်းကောက်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်နေပါတယ်။
ရေကြီးမှုကြောင့် ပညာရေးကဏ္ဍလည်း ထိခိုက်ခဲ့ပြီး ပြည်နယ် ၂၉ ခုတွင် ကျောင်းပေါင်း ၉၈၈ ကျောင်း ထိခိုက်ခဲ့ရကာ ဘန်ကောက်တွင်လည်း ကျောင်း ၁၈၈ ကျောင်း ထိခိုက်ခဲ့ကြောင်း ယူနီဆက်ဖ်က ပြောဆိုထားပါတယ်။
အချို့ ကျောင်းများကို ယာယီ ခိုလှုံရာများအဖြစ် အသုံးပြုနေရပြီး သွားလာရေးနှင့် နေ့စဉ် လူနေမှုဘဝများလည်း အခက်အခဲ ဖြစ်နေသည်။ ရေများ ရက်ပေါင်းများစွာ မကျဆင်းသေးဘဲ ကျန်နေသဖြင့် ဒေသခံ အများအပြားလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
#၁,၁၄၉,၂၈၅စု

